မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထား လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လို

 

နေပြည်တော် ဇွန် ၂၃

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

တိုင်းပြည်သာယာဝပြောရေးအတွက် အားလုံးပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည် သာယာ ဝပြောရေးအတွက် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားလုံးပူးပေါင်း၍ လုပ်ငန်းများ အောင်မြင်မှုရှိစေရေးအတွက် ကဏ္ဍအလိုက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် စီမံကိန်းများကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ယခုလာမည့်ဘဏ္ဍာနှစ်အတွင်း ပညာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှု ကဏ္ဍများ အဆင့်မြှင့်တင်ခြင်းကို အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း။

 

လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လို

ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်းနေဆဲပင် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သည့်လဆန်းပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး မကြာမီရက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ခရီးစဉ်များသွားရောက်စဉ် မိမိတို့ နိုင်ငံတွင် ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းဖြင့် အလုပ်အကိုင်များ ရရှိမည်ဖြစ်သကဲ့သို့ ပြည်တွင်း ကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှု များ တိုးတက်လာမည် ဖြစ်ကြောင်း။

 

ကုန်ထုတ်လုပ်ငန်းများစွမ်းအားပြည့် လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် သွင်းအားစုများ ရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ် လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ် လုပ်ချင်စိတ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်း များလိုအပ်သဖြင့် နိုင်ငံတော်မှ အလုပ်အကိုင်အခွင့်အလမ်းများ အကောငအထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ် ပညာများရှိရန် လိုအပ်သဖြင့် လိုအပ်သည်များကို သင်ကြားပြသပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာစေရေး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လို

ယခုအခါ မိုးရာသီသို့ရောက်ရှိပြီဖြစ်သဖြင့် စိုက်ပျိုးရန် သတ်မှတ်ထားသည့် သီးနှံများ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄) ချက်ကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များ ရရှိမှသာ အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်သဖြင့် မျိုးကောင်းမျိုးသန့် များရရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေကောင်းမွန်ရေးအတွက်လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာတို့ကို စနစ်တကျထည့်သွင်း ပြုပြင် ဆောင်ရွက်သွားရန်လို ကြောင်း၊ အလားတူ စိုက်ပျိုးရေနှင့်အောင်ရေများ လုံလောက်စွာရရှိရေး အတွက်လည်း ဆောင်ရွက်ပေးရန်လိုပြီး နည်းစနစ်တကျ စိုက်ပျိုးရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံ သည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရန် သတ်မှတ်ထားသည့် သီးနှံများအားလုံး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ ကျွဲ၊ နွား များကို တရားမဝင် တင်ပို့ခြင်းများ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျွဲ၊ နွားများ ရှားပါးလာသည်ကို တွေ့ရှိရကြောင်း၊ ကျွဲနှင့်နွားများရှားပါးလာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် ကျွဲနှင့် နွားများပိုမိုတိုးတက်မွေးမြူနိုင်ရေး မွေးမြူရေးဇုန်များဖြင့် တစ်အုပ်တစ်မ မွေးမြူ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နို့စားနွားများကိုပါ ထည့်သွင်း မွေးမြူသွားရန်လိုကြောင်း၊ အလားတူဒေသအလိုက် စားသောက်ရေးကို အထောက်အကူပြုစေမည့် ကြက်၊ ဝက်၊ ဆိတ်နှင့် ငါးတို့ကိုလည်း တိုးတက် မွေးမြူသွားကြရန်လိုကြောင်း။

 

စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရပ်များကို တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်

ပညာရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းအပ်နှံမှုများမှာ ၇ သန်း ၂ သိန်းကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေး အတွက် KG+9 အထိ မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ KG+9 အထိသင်ကြားမည်ဆိုပါက ကျောင်းသား ကျောင်းသူတစ်ဦးချင်း၏ ဘဝရပ်တည်ရေးအတွက် များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို တတ်ကျွမ်းသည့် လူသားအရင်းအမြစ် များစွာလိုအပ်ကြောင်း၊ ထို့ကြောင့် အခြေခံပညာအလယ်တန်းမှ စတင်၍စိုက်ပျိုးမွေးမြူရေး အခြေခံ ပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာတတ် လူသားအရင်းအမြစ်များ ပိုမိုတိုးတက်ကြွယ်ဝလာစေရေးအတွက် ကျောင်းနေရာခိုင်နှုန်းများ မြင့်မားလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း။

 

အကြောင်းအမျိုးမျိုးဖြင့် အချို့အခြေခံပညာကျောင်းများကို ဖျက်သိမ်းခြင်းနှင့် အချို့ကို ပေါင်းစည်းသင်ကြားခြင်းများ ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ နယ်မြေလုံခြုံမှုရှိသည့် ဒေသများမှ အခြေခံပညာ ကျောင်းများအားလုံးတွင် ကျောင်းသား ကျောင်းသူများ အပြည့်အဝ တက်ရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းများ အဆင့်မြှင့်တင် လိုခြင်းနှင့်ပတ်သက်၍ ဒေသရှိကျောင်းတက်ရောက် သင်ကြားနိုင်မည့် ကျောင်းနေအရွယ် ကလေးငယ်များ၏ လူဦးရေအချိုးနှင့် တွက်ချက်၍ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းများအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် သင်ကြားရေးဝန်ထမ်း လိုအပ်ချက်များ၊ အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကိုပါ ထည့်သွင်းစီမံဆောင်ရွက်ရသည်ဖြစ်သဖြင့် စနစ်တကျ တွက်ချက်ပြီးမှသာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

 

နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစား သမားများ ပေါ်ထွန်းလာစေရေးသက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထားဆောင်ရွက်

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများမှ စတင်၍ စနစ်တကျ သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် အားကစားတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ရန်အတွက် ကာယနည်းပြဆရာများ၊ အားကစားနည်းပြဆရာများဖြင့် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်အလိုက် အားကစားပြိုင်ပွဲများကို စနစ်တကျဖြင့် ကျင်းပ ပြုလုပ်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် လိုအပ်ချက်များရှိနေသေးသဖြင့် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမားများ၏ ရေရှည်ဘဝ အာမခံချက်ရှိစေရေး အတွက်လည်း စဉ်းစားဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

 

လျှပ်စစ်ဓာတ်အားများအားစနစ်တကျသုံးစွဲရန်လို

လျှပ်စစ်ဓာတ်အားများ တရားမဝင်ရယူသုံးစွဲနေမှုများနှင့် ပတ်သက်၍ ဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ စနစ်တကျဖြစ်စေရေးနှင့် မှန်မှန်ကန်ကန် ဖြစ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်နေရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အဝ လည်ပတ်နိုင်ရေး အတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းသည် မိမိတို့နိုင်ငံနှင့် အကိုက်ညီဆုံး လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးမှလည်း လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သဖြင့် မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရန် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (EV) ကားများကို ပြည်တွင်း၌ပင် အစမှအဆုံးထုတ်လုပ်ပြီး ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း၊ လျှပ်စစ်စွမ်းအင်သုံး ကုန်တင်ယာဉ်များ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များကိုလည်း ပြည်တွင်၌ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။

 

ဒေသဝမ်းစာဖူလုံရေးဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဒေသဝမ်းစာ ဖူလုံရေးဆောင်ရွက်ရန် အခက်အခဲရှိသည့် အချို့သောဒေသများ၌လည်း ဝမ်းစာဖူလုံမှုရှိစေရေး နိုင်ငံတော်က တတ်နိုင်သရွေ့နည်းလမ်းရှာ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးဆီ ဖူလုံရေးနှင့်ပတ်သက်၍လည်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပဲပုပ်၊ နေကြာ၊ နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုး ဖြစ်ထွန်းစေရေး အတွက်လည်း အလေးထားဆောင်ရွက် ပေးသွားရန်လိုကြောင်း မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ပြည်သူများ၏လိုလားချက်များနှင့် မိမိတို့၏မူဝါဒ သဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏ အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရန်လို

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင် အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ အနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှု ပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်း ဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ပတ်သက်၍လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ ဖြေရှင်းပေးနိုင် သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ပြည်သူများ၏ လိုလား ချက်ကို မှန်ကန်စွာသိရှိနိုင်မှသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရန်လည်း လိုကြောင်း၊ အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရ သည်ဖြစ်သော်လည်း ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းမျိုး မဖြစ်ရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်များ၊ သဘော သဘာဝများ တူညီမှုရှိမည်မဟုတ်သည့်အတွက် ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒ သဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပြီး နိုင်ငံတော် နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်