ဇွန် ၂၄

ဖိလစ်ပိုင်နိုင်ငံ၏ အိမ်ထောင်စုလူဦးရေသည် ၂၀၂၄ ခုနှစ်တွင် ၁၁၂ ဒသမ ၃၃ သန်းအထိ ရောက်ရှိခဲ့ရာ နိုင်ငံ၏စုစုပေါင်းလူဦးရေ ၁၁၂ ဒသမ ၇၃ သန်းကျော်၏ ၉၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်ပီအက်စ်အေ(PSA)မှ ယမန်နေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

၂၀၂၀ ခုနှစ်က အိမ်ထောင်စုလူဦးရေ ၁၀၈ ဒသမ ၆၇ သန်းထက် ၃ ဒသမ ၄ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၆၆ သန်း ပိုများလာကြောင်း ဖော်ပြထားသည်။

အိမ်ထောင်စုလူဦးရေကို အိမ်ရာနေထိုင်မှုယူနစ်များအတွင်းနေထိုင်နေသော လူပုဂ္ဂိုလ်အားလုံးဟု ပီအက်စ်အေက သတ်မှတ်ထားသည်။ စုစုပေါင်းလူဦးရေ၏ကျန်ရှိသော ၀ ဒသမ ၄ ရာခိုင်နှုန်းတွင် အဖွဲ့အစည်းဆိုင်ရာလူဦးရေပါဝင်ပြီး ဆေးရုံများ၊ မိဘမဲ့ဂေဟာများကဲ့သို့သော စုပေါင်းနေထိုင်ရာ နေရာများတွင် နေထိုင်သူများအပြင် ပြည်ပရှိ ဖိလစ်ပိုင်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် နေထိုင်သော ဖိလစ်ပိုင်လူမျိုးများ ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို