MSME စီးပွားရေးလုပ်ငန်းများ နိုင်ငံ့စီးပွားရေးမောင်းနှင်အား
“ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်ပသွင်းကုန်များကို အများအားဖြင့် တင်သွင်း ဆောင်ရွက်ကြရပြီး မိမိတို့အနေဖြင့်လည်း ပြည်ပမှသွင်းကုန်များကို နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွား မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ကုန်သွယ်မှုလိုငွေများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန် ၂၅ ရက်တွင် ပြုလုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် SME လုပ်ငန်းအဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။ SME လုပ်ငန်းများသည် အသေးစား၊ အလတ်စားလုပ်ငန်းများဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမောင်းနှင်အားဖြစ်သည်။ SME လုပ်ငန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ယနေ့တိုင်ဆောင်ရွက် နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ၂၀၂၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဆောင်ပြီး MSME ဗဟို ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူများစွာ ပြုနေသည်ကို မြင်တွေ့နိုင်သည်။ အဓိကမှာ MSME လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသူများအနေဖြင့် MSME လုပ်ငန်းများ တိုးတက်ကောင်းမွန် လာအောင် ဆောင်ရွက်မည်ဆိုသည့်စိတ်များရှိရန်လိုသည်။ MSME လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဆိုပါက စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာကာ ပြည်သူတစ်ဦးချင်း အနေဖြင့် မိမိနိုင်ငံအပေါ် ယုံကြည်ကိုးစားမှုများဖြစ်ပေါ်လာပြီး နိုင်ငံချစ်စိတ်၊ နိုင်ငံကိုတန်ဖိုးထားစိတ်၊ ကာကွယ်စောင့်ရှောက်လိုစိတ်များဖြစ်ပေါ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထားဆောင်ရွက်နေသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံတွင် လူသားအရင်းအမြစ်များစွာရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက် ဒေသများတွင် နေထိုင်လျက်ရှိသည်။ အဆိုပါလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့်လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ပေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မား လာစေရေးနှင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်သည်။ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကြ ရမည်ဖြစ်သည်။
ဈေးကွက်လိုအပ်ချက်ရှိသည့် ထုတ်ကုန်များကို အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်ကြရမည် ဖြစ်သည်။ ပစ္စည်းချင်းတူလျှင် ဈေးသက်သာရမည်ဖြစ်ပြီး ဈေးချင်းတူလျှင် ပစ္စည်းပိုမိုကောင်းမွန်ရ မည်ဆိုသည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးပြီး ပို့ကုန်များ တိုးတက်များပြားလာပါက နိုင်ငံ့ဝင်ငွေနှင့် ထွက်ငွေများ မျှတလာမည်။ ထိုမှတစ်ဆင့် ပိုလျှံငွေများဖြစ်ပေါ်လာကာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာဆောင်ရွက်နိုင်မည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို သမားရိုးကျ ရောင်းတမ်းပစ္စည်းအဖြစ် သဘောမထားဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် ပြောင်းလဲဆောင်ရွက်ကြရန် အစဉ်အမြဲ သုတေသနပြုလုပ်ကိုင်ဆောင်ရွက်ကြရန်လိုသည်။
MSME လုပ်ငန်းများတွင် အဓိကအားဖြင့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ လိုအပ်သည်။ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသတွင်းနှင့် ပြည်တွင်း၌ရှိပြီးဖြစ်သည့် ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ခြင်း သည် အသေချာဆုံး၊ အကောင်းဆုံးကုန်ထုတ်လုပ်ငန်းဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတော်သမ္မတကြီး တရုတ်ပြည်ခရီးစဉ်တွင် ကြည့်ရှုလေ့လာခဲ့သည့် ဝါးမှ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်သည့် တီထွင်ဆန်းသစ်မှုသည် အတုယူအားကျဖွယ်ဖြစ်သည်။ သို့ဖြစ်ရာ စီးပွားရေးမောင်းနှင်အားဖြစ်သည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်တင်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း။ ။


