နေပြည်တော် ဇွန် ၂၈
World MSME Day အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် MICC-1 ၌ ကျင်းပ လျက်ရှိရာ ဒုတိယနေ့၌ Suppoting MSMEs to promoting national Economy ၊ Strategies for Future MSMEs Development ၊ The Crucial Role of MSME Digital Adoption in Building Myanmar’s Digital Economy by FY 2030-2031 ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များက ဟောပြောခြင်းများ ဆောင်ရွက်ကြသည်။
ညနေပိုင်းတွင် World MSME Day အထိမ်းအမှတ်ပိတ်ပွဲကို ဆက်လက်ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ် စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ နှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပခဲ့သည့် အခမ်းအနားသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) ကို အလေးထားအကောင် အထည်ဖော်နေမှုကို ပြသနိုင်ခဲ့ပြီး အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာခိုင်မာမှုနှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာက ပိုမိုအသိအမှတ်ပြုလာစေမည့် ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း၊ နည်းပညာနှင့် ဒီဂျစ်တယ် အခွင့်အလမ်းများ ဖော်ဆောင်နိုင်မှုဆိုင်ရာ ဒီဂျစ်တယ်တိုးတက်မှုအတွက် အနာဂတ်ခေတ်မီ MSME များအနေဖြင့် အွန်လိုင်းပေါ်တွင် မြင်သာခြင်း (Visible)၊ ယုံကြည်ရခြင်း (Trusted)၊ ငွေပေးချေမှု လွယ်ကူခြင်း (Paid)၊ ဈေးကွက် အဆင်သင့်ဖြစ်ခြင်း (Market-Ready)၊ ပို့ဆောင်မှုသေချာခြင်း (Delivered)နှင့် ရေရှည်တိုးတက်ခြင်း (Growing) ဆိုသည့် အဆင့် (၆) ဆင့်အတိုင်း စနစ်တကျ ကူးပြောင်းနိုင်ရန် လိုအပ်ကြောင်း။
ဘဏ္ဍာရေး အရင်းအမြစ်နှင့် MSME ချေးငွေဆိုင်ရာ အခွင့်အလမ်းများ အနေဖြင့် နိုင်ငံတော်က ပံ့ပိုးပေးမည့် သက်သာသော ချေးငွေများကို ပြည်တွင်း အထွေထွေအာမခံကုမ္ပဏီ ကိုးခုနှင့် ပူးပေါင်း၍ အပေါင်ပစ္စည်းမဲ့ MSME ချေးငွေများကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးနိုင်ရေး စနစ်များ သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာဈေးကွက်နှင့် အာဆီယံ ချိတ်ဆက်မှုအတွက် အာဆီယံနှင့် ကမ္ဘာ့ဈေးကွက်သို့ ကုန်ကျစရိတ်မရှိဘဲ အခမဲ့ ချိတ်ဆက်ပေးမည့် ASEAN Access ၏ တရားဝင် အွန်လိုင်းပလက်ဖောင်းကို အသုံးပြု၍ ပြည်ပ ဈေးကွက်စည်းမျဉ်းများနှင့် အကြံ ပေး/ ဖြန့်ဖြူးသူများ၏ အချက်အလက်များကို တိုက်ရိုက်ရယူနိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်တွင် ကျင်းပမည့် ဂျာမနီနိုင်ငံသို ပြည်တွင်း ထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးမည့် သင်တန်းနှင့် ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည့် တရုတ်နိုင်ငံမှ ဝယ်ယူသူများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် (China-ASEAN Business Matchmaking) ပွဲများသို့ မြန်မာ MSME များ အမြန်ဆုံးပါဝင်နိုင်ရေး ချိတ်ဆက်မှုများ ရရှိစေခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ဆက်စပ်ဝန်ကြီးဌာနများ၊ အေဂျင်စီများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင် များအားလုံးအနေဖြင့် မိမိတို့ သီးခြားစီ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ အရှိန်အဟုန်မြှင့် တိုးတက်လာစေရန်အတွက် “Global Partnership” ခိုင်မာစွာဖြင့် လက်တွဲကာ အစွမ်းကုန်ညှိနှိုင်း ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက် သွားကြပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ ပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


