ဇွန် ၂၉
ဥရောပဒေသတစ်ဝန်းတွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ အပူချိန်မြင့်မားမှုနှင့် ဆက်စပ်၍ သေဆုံးမှု ၁၃၀၀ ကျော် ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒနွမ် ဂီဘရီယဲစ် က လူမှုမီဒီယာပလက်ဖောင်းတွင် ယမန်နေ့ကပြောကြားခဲ့သည်။
လက်ရှိတွင် လူပေါင်း သန်း ၁၅၀ သည် အပူချိန်မြင့်မားမှုအောက်တွင် နေထိုင်နေရပြီး ရာပေါင်းများစွာ သေဆုံးကာ ကျောင်းများပိတ်ထားရပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ဥရောပသည် ကမ္ဘာပေါ်တွင် အပူချိန်အမြန်ဆုံး မြင့်တက်လာနေသော တိုက်ကြီးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်မြင့်တက်နှုန်းထက် နှစ်ဆခန့် ပိုမိုပူနွေးလာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုတို့ကြောင့် ယခင်က မျိုးဆက်တစ်ဆက်လျှင် တစ်ကြိမ်သာ ကြုံတွေ့ရလေ့ရှိသော အပူလှိုင်းများသည် ယခုအခါ နှစ်စဉ်နီးပါး ဖြစ်ပွားလာလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
နေ့ဘက်တွင် အပြင်ဘက်အပူချိန်က အိမ်အတွင်းထက် ပိုမြင့်နေပါက ပြတင်းပေါက်များကို ပိတ်ထားပြီး လိုက်ကာ သို့မဟုတ် နေကာများဖြင့် ဖုံးကာထားရန်နှင့် မလိုအပ်သော လျှပ်စစ်ပစ္စည်းများကို တတ်နိုင်သမျှ ပိတ်ထားရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လမ်းညွှန်ချက်တွင် အပူဒဏ်ကို ပိုမိုခံရလွယ်သူများကို ပုံမှန်ဂရုစိုက် မေးမြန်းပေးရန် အလေးပေးဖော်ပြထားသည်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ နှလုံး၊ အဆုတ် သို့မဟုတ် ကျောက်ကပ်ရောဂါရှိသူများ၊ မသန်စွမ်းသူများနှင့် တစ်ဦးတည်းနေထိုင်သူများကို အထူးဂရုစိုက်သင့်ကြောင်း ဖော်ပြထားသည်။
ကားရပ်ထားပါက ကားအတွင်း ကလေးငယ်များ သို့မဟုတ် တိရစ္ဆာန်များကို မည်သည့်အခါမျှ တစ်ယောက်တည်း မထားခဲ့ရန်၊ နေ့ခင်းပိုင်း အပူပြင်းချိန်တွင် နေရောင်တိုက်ရိုက်မထိစေရန် ရှောင်ရှားရန်၊ ကလေးတွန်းလှည်းကို အခြောက်အထည်ဖြင့် ဖုံးအုပ်မထားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။ ထိုသို့ဖုံးထားပါက လှည်းအတွင်း အပူချိန် ပိုမိုမြင့်တက်စေနိုင်သောကြောင့် ဖြစ်ပြီး ယင်းအစား ပါးလွှာသော ရေစိုအဝတ်ကို အသုံးပြုပြီး လိုအပ်သလို ထပ်မံစိုစွတ်အောင် ပြုလုပ်ပေးသင့်သည် ဟု အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


