နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး သို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြရာ သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၀ ရက်တွင် စတင်အာဏာ တည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှု ထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန် ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည် မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။        

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိ ရပါသည် -

၁။ ကျွန်တော် ဒီသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ မိမိနိုင်ငံနဲ့ တိုင်းပြည်အတွက် တာဝန်ကျေပွန်စေချင်တဲ့ စိတ်ကြောင့် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဘာသာ ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အကောင်းဆုံးကြိုးစား သွားမယ်လို့ ပြောကြားချင်ပါတယ်။ ကျွန်တော်နဲ့အတူတူ သင်တန်းတက်ရောက်မယ့် သူငယ်ချင်းတွေကို ပြောကြားချင်တာကတော့ ကျွန်တော်တို့ တပ်မတော်မှာ စိတ်ဓာတ်ကောင်းတာတွေ စည်းကမ်းကောင်းတာ နောက်တစ်ခုက စစ်နည်းဗျူဟာတွေ သင်ကြားပေးမှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဘဝအတွက် အကျိုးရှိစေမယ့် ရလဒ်တွေကို ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီးတော့ တက်ရောက်သင်ကြားပါလို့ ကျွန်တော်ပြော ကြားချင်ပါတယ်။ ကျွန်တော်အခု သင်တန်းကာလသုံးလ ပြီးဆုံး သွားတဲ့အချိန်မှာ ကျွန်တော် တာဝန်ကျတဲ့ တပ်ရင်းတွေမှာပဲ တပ်မတော်မှပေးအပ်တဲ့ တာဝန် တွေကို ကျေပွန်စွာနဲ့ ထမ်းဆောင်သွားမှာပါ။

၂။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ ကျွန်တော်က မြန်မာနိုင်ငံသား တစ်ယောက်လည်းဖြစ်တယ်။ ရခိုင်တိုင်းရင်းသား တစ်ယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံက ချမှတ်ထားတဲ့ ဒီစည်းကမ်းဥပဒေကို လိုက်နာချင်တဲ့အတွက် ဒီစစ်မှုထမ်းအပတ်စဉ် (၂၆) ကို လာရောက်တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ စစ်မှုထမ်းတာဝန် ပြီးဆုံးသွားရင်လည်း နောင်လာနောက်သားတွေကို ဒီလိုကောင်းတဲ့ အချက်အလက်လေးတွေ ရှိတယ်ဆိုတာကို ပြန်ပြောပြ သွားချင်တယ်။ ဒါကြောင့် သေချာလေး သင်ကြားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။

သတင်းစဉ်