ပွင့်ဖြူ ဇွန် ၂၉

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက် ၁၆၀၂ ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၃၉၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

 

“ဟင်းသီးဟင်းရွက် စိုက်ပျိုး ရာမှာ ခရမ်း(စိမ်း/ညို)၊ ခရမ်းချဉ်၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်ညင်း (စိမ်း/ဖြူ)၊ အာလူး၊ မုန်လာဥဖြူ၊ ငရုတ်၊ ပဲတောင့်ရှည် စတဲ့သီးနှံတွေကို စိုက်ပျိုးပါတယ်။ စိုက်ပျိုးသီးနှံ အားလုံးကို အစားအစာဘေးကင်းစေဖို့နဲ့ အရည်အသွေးကောင်းမွန်စေဖို့ GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင်၊ ဓာတုဓာတ်ကြွင်း အနည်းဆုံးဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စိုက်ပျိုးနိုင်ဖို့ နည်းပညာတွေ ပံ့ပိုးပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

 

ပူးပေါင်းဆောင်ရွက်

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုး တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်စေရေးတို့အတွက် လိုအပ်သောမျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ပေးခြင်း၊ GAP နည်းစနစ်နှင့်အညီ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ခြင်း၊ ပိုးမွှားရောဂါကင်းရှင်းရေး နည်းလမ်းများ အသိပညာပေးခြင်းတို့ကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)