နေပြည်တော် ဇွန် ၃၀
တပ်မတော် စစ်ကြောင်းများအနေဖြင့် ကလေး-တမူး ဆက်သွယ် ရေးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဇွန် ၂၉ ရက်တွင် ကျွန်းတောရေရှင် ကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ မင်္သကာဖွယ် အဆောက်အအုံများ တွေ့ရှိသဖြင့် စစ်နည်းဗျူဟာမြောက် ချီတက် ရှင်းလင်းခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ အခြေပြုနေထိုင်သည့် စခန်းအား သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက် သောင်းကျန်းသူများသည် ထိခိုက် သေဆုံးမှုများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာအား အသေးစိတ် ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများနေထိုင်သည့် သွပ်မိုးပျဉ်ကာ လူနေအိမ် တစ်လုံး၊ ၁၀ ဦးခန့် နေထိုင်သည့် သက္ကယ်မိုးထရံကာ ယာယီတဲ လေးလုံး၊ စားချက်ဆောင်များ၊ အချုပ်ခန်းများကို သိမ်းပိုက် ရရှိခဲ့သည်။
ဆက်လက်၍ တပ်မတော် စစ်ကြောင်းများသည် အဆိုပါ ကလေး-တမူး လမ်းကြောင်း တစ်လျှောက်အား နယ်မြေလုံခြုံ ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အကြမ်းဖက် သမားများ စစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက် နေထိုင်သည့် ကနန်ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကနန်ကျေးရွာအား ယာယီစိုးမိုးထားစဉ် ဒေသခံ ပြည်သူလူထု၏ ကိုယ်ကျိုးစီးပွားကိုမငဲ့ကွက်ဘဲ ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ပြည်သူပိုင် အဆောက်အအုံများ၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းဘေးဝဲ၊ ယာများတွင် ဘန်ကာများ တည်ဆောက်၍ လည်းကောင်း၊ ကျေးရွာများ အတွင်း ပြည်သူလူထုနေအိမ်ဝင်း များအတွင်းနှင့် လမ်းမများပေါ် တွင် မိုင်းများထောင်ထား၍ လည်းကောင်း၊ ခြံဝင်းများအတွင်း ခံစစ်ကျင်းများတူးဖော်၍ လည်း ကောင်း၊ အခိုင်အမာခံစစ်ဆင်၍ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရသည်။
တပ်မတော် စစ်ကြောင်းများ အနေဖြင့် ဒေသခံပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်စဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက် အကြမ်းဖက်သမားများ၏ ယုတ်မာ ရိုင်းစိုင်းစွာ ထောင်ထားသည့် မိုင်းများအား ရှင်းလင်းပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည်မွမ်းမံ ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေး ခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကလေး-တမူး ဆက်သွယ်ရေး လမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ အမြန်ဆုံးဖော်ဆောင် ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


