သာပေါင်း ၂၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သာပေါင်း - မကျီးဇင် တောင်ပေါ်ကားလမ်း မိုင်တိုင် ၂၉/ဝ နှင့် ၁ အကြား ကျားခေါင်းကျေးရွာအနီးတွင် မတ်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်များ တင်ဆောင်လာသည့် ယာဉ်တစ်စီးသည် ကုန်းအတက်၌ နောက်ပြန်လျောကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သာပေါင်း-မကျီးဇင် တောင်ပေါ်ကားလမ်းအတိုင်း ခရီးသည်များ တင်ဆောင်၍ တင်အောင်ဝင်း (ခ) အိုးစည် ၂၉ နှစ်၊ မကျီးချောင်းလမ်း၊ ချောင်းသာမြို့နေသူ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်သည် အဆိုပါ နေရာအရောက် တောင်ကုန်းအတက်တွင် နောက်ပြန်လျောကျကာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များအနက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦးမှာ ဒဏ်ရာများရရှိခဲပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီးငယ် တစ်ဦးတို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သာပေါင်းမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)