ရန်ကုန် ၂၇ မတ် 


မိဘမေတ္တာနှင့် မိသားစုဘဝသရုပ်ကို ဖော်ကျူးပြသထားသော နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၂၉ ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည် ဖြစ်သည်။

 

1


မြန်မာ့ရိုးရာ ယုံကြည်မှု ရိုးရာဓလေ့များ၊ ရိုးရာယုံကြည်မှုများ အနက်မှ နို့ဘီလူး အစွဲအကြောင်းကို ဖော်ထုတ်တင်ပြလိုခြင်း၊ နို့ရည်ကဲ့သို့ ဖြူစင်သန့်ရှင်းသော မိခင်မေတ္တာတရားသည် ဘီလူးကဲ့သို့ ရက်စက်ကြမ်းတမ်းသော သူကိုပင်လျှင် နူးညံ့သိမ်မွေ့သွားအောင် ပြုမူနိုင်ပုံကို ပုံဖော်ပြသလိုခြင်း၊ ငြိမ်းအေးသော သစ္စာတရားကို သွေးစက်မျက်ရည်တို့ဖြင့် လှဲလှယ်၍ မရဘဲ ၎င်းတို့ကို ရပ်တန့်စေခြင်းဖြင့်သာ ငြိမ်းချမ်းမှုကို ရရှိနိုင်ကြောင်းတို့ကို ဇာတ်လမ်း၏ အဓိက ရည်ရွယ်ချက်အဖြစ် တွေ့ရသည်။


အောင်သီရိရုပ်ရှင် ထုတ်လုပ်ရေးမှ ဦးသိန်းရွှေ စီစဉ်ထုတ်လုပ်သည့် နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးသည် ပန်းချီရွှေအေးကို၏ ဇာတ်လမ်းကို အခြေခံ၍ စကားလုံးနှင့် ဇာတ်ညွှန်းကို ငြိမ်းမင်း ရေးသားကာ ဒါရိုက်တာ လူမင်းက ပုံဖော် ရိုက်ကူးထားခြင်း ဖြစ်သည်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် အဓိက သရုပ်ဆောင်များအဖြစ် အကယ်ဒမီ လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ အကယ်ဒမီ ဒေါ်မြတ်မွန် တို့ပါဝင် သရုပ်ဆောင်ထားသည့်အပြင် အောင်ခိုင်၊ ဇော်ဦး၊ ဟိန်းစိုး၊ ဇော်မှိုင်း၊ ကိုပေါက်၊ ဇေယျာအောင်၊ စမ်းစမ်းဝင်း၊ သိင်္ဂီထွန်း၊ လှိုင်ဖြူဖြူထွဏ်း၊ ဘဂျမ်း၊ ရဲဒီပ၊ ဘိုသန့်နှင့် ကလေးသရုပ်ဆောင်များအဖြစ် ကျားပေါက်၊ ခန့်ကျော်စသော ဇာတ်ပို့ ဇာတ်ရုံများ ပါဝင်အားဖြည့်ထားသည်။


မိဘမှ သားသမီးအပေါ် ထားရှိသော မေတ္တာတရား၊ နို့ဘီလူး အစွဲရှိသော မိခင်က သားသမီး အဖတ်မတင်၍ သောကဖြစ်ရပုံ၊ သားသမီး အဖတ်တင်သော်လည်း ရောဂါဝေဒနာ ခံစားရသော သားဦးအပေါ် ခက်ခက်ခဲခဲ  ပြုစုစောင့်ရှောက်ခဲ့ရပုံ၊ ကလေး အသက်ဆက်နိုင်ရေးအတွက် မိမိနို့ရည် တိုက်ကျွေးမှုကို ရပ်တန့်ကာ သံဃာတော်ထံရောင်း၍ နွားနို့တိုက်ကာ အသက်ဆက်ရပုံများကို ဇာတ်လမ်း၏ အစပျိုးပိုင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။ 


ထို့ပြင် ပုထုဇဉ် လူသားတိုင်း ရင်ဆိုင်ရမြဲဖြစ်သော ကောင်းခြင်း၊ ဆိုးခြင်း ဓမ္မတာများနှင့် ကံ ကံ၏ အကျိုးကို ထင်ရှားအောင်ပြသထားသည်။ သက်ရှိထင်ရှား မိဘကို ပြုစုလုပ်ကျွေးပြီး သေခါမှ နောင်တ မဖြစ်ရအောင် ဇာတ်ကားတွင် မီးမောင်းထိုးပြထားသည်။ 


မည်မျှဆိုးမိုက်သည်ဖြစ်စေ ဗုဒ္ဓဘာသာတရား၏ အဆုံးအမအောက်ဝယ် အေးချမ်းခြင်းနှင့် မေတ္တာတရား ရရှိနိုင်ပုံအကြောင်းနှင့် ဝဋ်ကြွေးရှိပါက အချိန်နေရာမရွေး ပြန်လည်ပေးဆပ်ရလေ့ရှိကြောင်းတို့ကို ဇာတ်လမ်းတွင် သင်ခန်းစာ ယူစရာများအဖြစ် တင်ပြထားသည်။


ဖူးပြည့်