ပါမောက္ခ ဒေါက်တာနွယ်နွယ် [ပါမောက္ခ /ဌာနမှူး (နှလုံးဆေးကု)]

နှလုံးရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးရောဂါ ဖြစ်ပါသည်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှု နှစ်ဆနီးပါးတိုးလာခဲ့သည်။ အချိန်မတိုင်မီ သေဆုံးမှုများ၏ ငါးပုံတစ်ပုံသည် နှလုံးသွေးကြောရောဂါကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးသွေးကြောရောဂါများကို ကြိုတင်ကာကွယ်ခြင်း၊ စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် အချိန်မီထိရောက်စွာ ကုသမှုပေးနိုင်ခြင်းသည် ပြည်သူ့ကျန်းမာရေးကဏ္ဍ၏ အရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာပါသည်။

နှလုံးသွေးကြောရောဂါများကို လျှော့ချနိုင်ရေးအတွက် ကျန်းမာသော လူနေမှုပုံစံများကို မြှင့်တင် ခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတွင်းအဆီ ဓာတ်မြင့်မားခြင်းတို့ကို စောစီးစွာရှာဖွေဖော်ထုတ်၍ ထိန်းချုပ်ကုသခြင်းတို့သည် အရေးကြီးပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် မကူးစက်နိုင်သောရောဂါများကို စောစီးစွာရှာဖွေ စစ်ဆေးနိုင်ရေးအတွက် အဆင့်ဆင့်သော ကျန်းမာ ရေး စောင့်ရှောက်မှုစနစ်များမှတစ်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် နှလုံးရောဂါ ကို စနစ်တကျကုသနိုင်ရန်အတွက် အထူးကုသမှု နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပေးလျက်ရှိပါသည်။

လက်ရှိတွင် နှလုံးရောဂါဝေဒနာရှင်များအတွက် လိုအပ်သော ကုသမှုများဖြစ်သည့် နှလုံးသွေးကြော ချဲ့ခြင်း၊ နှလုံးခုန်နှုန်းမမှန်သော ရောဂါများအတွက် အပူလှိုင်းပေးကုသခြင်း၊ နှလုံးနှိုးစက်တပ်ဆင်ခြင်း၊ နှလုံးအဆို့ရှင်ချဲ့ပေးခြင်း၊ မွေးရာပါ နှလုံးရောဂါများကို ပြုပြင်ပေးခြင်း၊ နှလုံးသွေးကြောရောဂါကို ခွဲစိတ်ကုသခြင်း၊ နှလုံးအဆို့ရှင်ရောဂါကို အဆို့ရှင်အတု တပ်ပေးခြင်း၊ မွေးရာပါနှလုံးရောဂါများကို ခွဲစိတ်ကုသပေးခြင်း၊ သွေးကြောရောဂါခွဲစိတ်ကုသပေးခြင်းတို့ကို မြန်မာနိုင်ငံအတွင်းမှာပင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ဆေးရုံကြီးများ၊ တပ်မတော် ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးရုံအချို့တွင် ဆောင်ရွက်ပေးနေပါသည်။

နှလုံးရောဂါဆေးကုဌာနများ

ကျန်းမာရေးဝန်ကြီးဌာန၏ နှလုံးရောဂါ ဆေးပညာပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ဦးဆောင်သည့် နှလုံးရောဂါဆေးကုဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံ ကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀)နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့ တွင် ဖွင့်လှစ်ထားရှိပြီး ကလေးနှလုံးရောဂါကုဌာနကို (ခုတင်-၅၅၀) ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် (ရန်ကင်း) တွင် ဖွင့်လှစ်ကာ မွေးရာပါကလေးနှလုံး ရောဂါဝေဒနာရှင်များကို ကုသပေးလျက်ရှိပါသည်။

ခေတ်မီစက်ကိရိယာဖြစ်သည့် နှလုံးသွေးကြော စမ်းသပ်ကုသစက် (Cardiac Catheterization Lab) ကို အဆိုပါဆေးရုံကြီးများ၌ ဖွင့်လှစ်ကာ ခွဲစိတ်စရာမလိုအပ်ဘဲ နှလုံးသွေးကြောမှတစ်ဆင့် နှလုံးသွေးကြောချဲ့ခြင်းအပါအဝင် နိုင်ငံတကာ အဆင့်မီကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါ သည်။ အထူးသဖြင့် အသက်အန္တရာယ်ကြီးမားသော ရုတ်တရက် နှလုံးသွေးကြောပိတ်သည့် လူနာများအတွက် အရေးပေါ်နှလုံးသွေးကြောချဲ့ခြင်းကို ၂၄ နာရီဝန်ဆောင်မှုအဖြစ် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် ပိုမိုရှုပ်ထွေးသော နှလုံးခွဲစိတ်ကုသမှုများအတွက် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် (ခုတင်-၅၅၀) ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် (ရန်ကင်း) တို့တွင် နှလုံးနှင့် သွေးကြောခွဲစိတ်ကုသ ဌာနများကိုဖွင့်လှစ်ကာ ရင်ခေါင်းဖွင့်၍ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေး လျက်ရှိပြီး နှလုံးအဆို့ရှင်အစားထိုးခြင်း (Valve Replacement)၊ မွေးရာပါနှလုံးအပေါက်ပိတ်ခြင်းနှင့် နှလုံးသွေးကြောလမ်းကြောင်းပြောင်းလဲခြင်း (CABG - Bypass Surgery) စသည့်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်ကျစရိတ်သက်သာစွာဖြင့် ကုသမှုခံယူနိုင်

မှတ်တမ်းအချက်အလက်များအရ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်ရှိ ပြည်သူ့ဆေးရုံ ကြီးများတွင် နှလုံးရောဂါဆေးကုအထူးကုဆရာဝန်များက တစ်နှစ်လျှင် စုစုပေါင်း လူနာ ၅၇၀၀-၆၀၀၀ နီးပါးခန့်၊ နှလုံးရောဂါခွဲစိတ်ကုဆရာဝန်များက တစ်နှစ်လျှင် စုစုပေါင်းလူနာ ၁၈၀၀ ခန့် ကုသမှုပေးနေသည်ကိုတွေ့ရှိရပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာအဆင့်မီ နှလုံးရောဂါကုသမှုများကို ပြည်တွင်း၌ ကုန်ကျစရိတ်သက်သာစွာဖြင့် ကုသမှု ခံယူနိုင်လျက်ရှိပါသည်။

ထိုကဲ့သို့ ထိရောက်သောကုသမှုများကို အချိန်မီ ရရှိနိုင်ရန်အတွက် နှလုံးရောဂါများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် နှလုံးရောဂါဝေဒနာရှင်များ နှလုံးရောဂါကြောင့် ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းမှကာကွယ်ရန်၊ နှလုံးရောဂါကြောင့် နှလုံးလုပ်အားကျဆင်းပြီး နာတာရှည်နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ရန်၊ နှလုံးစည်းချက်မမှန်ခြင်းကြောင့် ရုတ်တရက် သွေးကြောပိတ်လေဖြတ်ခြင်းမှ ကာကွယ်ရန်တို့အတွက် လူတိုင်းလက်လှမ်းမီသော နှလုံးကျန်းမာရေးစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ပါသည်။ အထူးသဖြင့် အီးစီဂျီ (ECG) စစ်ဆေးမှုသည် နှလုံးရောဂါနှင့် နှလုံးစည်းချက်မမှန်ခြင်းများကို စောစီးစွာရှာဖွေဖော်ထုတ်ရာတွင် အရေးပါသော စစ်ဆေးရေးနည်းလမ်းတစ်ခု ဖြစ်ပါသည်။ နည်းပညာတိုးတက်လာသည်နှင့်အမျှ ဉာဏ်ရည်တု (AI) နှင့် တွဲဖက်ထားသော အီးစီဂျီကို လုပ်ဆောင်ပေးခြင်းအားဖြင့် ပိုမိုတိကျသော ခန့်မှန်းမှုမျိုးကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသစ်၏ ပြည်သူအတွက် ရက်ပေါင်း ၁၀၀ အတွင်း စတင် ဆောင်ရွက်နေသော စီမံချက်တစ်ခုဖြစ်သည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်ကို မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုစီမံချက်တွင် နှလုံးရောဂါအန္တရာယ်ကို ပိုမိုတိကျစွာခန့်မှန်းနိုင်ရန်အတွက် ရှန်ကျန်းကရုဏာဆေးပညာဆိုင်ရာ သိပ္ပံနှင့် နည်းပညာကုမ္ပဏီ Benefm မှ ထုတ်လုပ်သည့် AI နည်းပညာသုံးသက်သောင့်သက်သာဝတ်ဆင်နိုင်သော ECG ဝတ်စုံ (Wearable ECG device)ဖြင့် ၂၄ နာရီ အီးစီဂျီ စမ်းသပ်မှုကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထိုစီမံချက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် လူဦးရေတစ်သိန်းကို တစ်နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် နှလုံးရောဂါရှိပြီးသူများ၊ နှလုံးရောဂါဖြစ်နိုင်ခြေရှိသူများ၊ နှလုံးခုန်နှုန်း နှေးခြင်း၊ မြန်ခြင်း၊ စည်းချက်မမှန်ခြင်းများကို ခံစားနေရသူများအား ဦးစားပေးတပ်ဆင် စစ်ဆေးပေး သွားမည်ဖြစ်သည့်အပြင် မွေးရာပါနှလုံးရောဂါ ရှိသူများ၊ မျိုးရိုးဗီဇကိုလိုက်၍ ဖြစ်ပေါ်တတ်သော နှလုံးရောဂါရှိသူများ၊ မိသားစုအတွင်း နှလုံးရုတ်တရက်ရပ်၍ သေဆုံးသည့် ရာဇဝင်ရှိသူများကိုလည်း တပ်ဆင်စစ်ဆေးသွားမည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကို တာဝန်ယူနေရသော လေယာဉ်မောင်းသူများ၊ ခရီးသည်တင်ယာဉ်မောင်းများ၊ ကုန်ပစ္စည်းတင် ယာဉ်မောင်းများ၊ ရထားမောင်းသူများ၊ စက်ရုံအလုပ်ရုံများတွင် စက်ယန္တရားများဖြင့် လုပ်ကိုင် နေရသူများနှင့် အားကစားသမားများတွင် နှလုံးရောဂါအန္တရာယ် ကြိုတင်သိရှိရန်လိုအပ်ပါက တပ်ဆင်စစ်ဆေးပေးမည်ဖြစ်ပါသည်။

ထိုသို့တပ်ဆင်စစ်ဆေးခြင်းဖြင့် နှလုံးရောဂါရှိသူများတွင် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် အသက်အန္တရာယ်ရှိသော နှလုံးစည်းချက်မြန်ခြင်း၊ ရုတ်တရက်နှလုံးရပ်သွားခြင်း၊ စည်းချက်မမှန်ခြင်း များကို ကြိုတင်သိရှိနိုင်ပြီး လိုအပ်သောကုသမှုများကို အချိန်မီဆောင်ရွက်ပေးနိုင်ပါက နှလုံးရောဂါဖြင့် သေဆုံးမှုနှုန်းကို ကျဆင်းနိုင်မည်ဖြစ်ပါသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့်

မြန်မာနိုင်ငံတွင် AI နည်းပညာသုံး ECG ဖြင့် နှလုံးရောဂါအန္တရာယ် စောင့်ကြည့်အကဲဖြတ်ခြင်း စနစ်တစ်ခုတည်ဆောက်နိုင်ခြင်း၊

တိုးတက်လာသောခေတ်မီနည်းပညာများအား ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် လက်တွေ့အသုံးချနိုင်ခြင်းဖြင့် နှလုံးရောဂါနှင့်ပတ်သက်၍ ဆောလျင်စွာသိရှိနိုင်ခြင်း၊ ကုသမှုကိုလည်း အချိန်မီဖြည့်ဆည်းပေးနိုင်ခြင်း၊

နှလုံးရောဂါနှင့်ပတ်သက်၍ အဖြစ်များ သောရောဂါများကို လေ့လာဆန်းစစ်နိုင်ပြီး ပိုမိုကောင်းမွန်သော ကြိုတင်ကာကွယ်ရေး စနစ်အား ထူထောင်နိုင်ခြင်း၊

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပိုမို ချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေလျက်ရှိပါသည်။

နိဂုံးချုပ်အနေဖြင့် ဉာဏ်ရည်တု (AI) နှင့် ပေါင်းစပ်အသုံးပြုသော အီးစီဂျီနည်းပညာများကို ထိရောက်စွာ အသုံးချနိုင်ခြင်းအားဖြင့် နှလုံးရောဂါ အန္တရာယ်ကို စောစီးစွာကြိုတင်ခန့်မှန်းဖော်ထုတ် နိုင်မည်ဖြစ်ပြီး အချိန်မတိုင်မီ သေဆုံးမှုများကို လျှော့ချကာ ပြည်သူများ၏ နှလုံးကျန်းမာရေးအဆင့် အတန်း မြင့်မားလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။