နေပြည်တော် ဇူလိုင် ၂
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၅၂ ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေ အနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးလှသိန်းက လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Joint Coordinating Committee on Parliamentary Development-JCC) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင် ၁၆ ဦး၊ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပဲခူး တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးလှသိန်း၊ အတွင်းရေးမှူး ပြည်ထောင်စု လွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်ဟိန်း၊ တွဲဖက်အတွင်းရေးမှူး(၁) အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ထွန်း၊ တွဲဖက်အတွင်းရေးမှူး(၂) ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထိုက်နှင့် အဖွဲ့ဝင်များ၏ အမည် စာရင်းများကို တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန် ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ၏ အသိပေးအကြောင်းကြားစာကို ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေက မြန်မာ-ဘယ်လာရုစ် နှစ်ထပ် အခွန် ကင်းလွတ်ခွင့်(DTA) စာချုပ်ချုပ်ဆိုခြင်းဖြင့် နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးကျေးဇူးများအနေ ဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်း လာခြင်း၊ ခေတ်မီနည်းပညာနှင့် စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်း၊ မျှတသော အခွန်နှုန်းထားနှင့် ကုန်ကျစရိတ်သက်သာစေခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ရရှိစေခြင်းတို့ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကို စီးပွားရေးမြှုပ်နှံမှု ပိုမိုရောက်ရှိလာမည်ဖြစ်သည့်အတွက် အခွင့်အလမ်းများပိုမိုရရှိ လာမည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘယ်လာရုစ် (DTA) စာချုပ်သည် အခွန်ကောက်ခံရုံ သက်သက်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ ကူးပြောင်းရယူမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှုအတွက် မရှိမဖြစ်လိုအပ်သော တရားဝင် စီးပွားရေးတံတားတစ်စင်း ချိတ်ဆက်လိုက်ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ရေရှည်စီးပွားရေးအကျိုးစီးပွားကို ရှေးရှုလျက် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ အသိပေးအကြောင်းကြားစာ ပေးပို့နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအပေါ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပါရန် ထောက်ခံ ဆွေးနွေးသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက မိမိတို့ နိုင်ငံအနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံနှင့် မဟာ ဗျူဟာမိတ်ဖက်အဖြစ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် သိပ္ပံနှင့်နည်းပညာကဏ္ဍများ၊ စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုများ၊ စက်မှုပစ္စည်းနည်းပညာ အကူအညီများ၊ နိုင်ငံရေးနှင့် သံတမန်ရေးရာ အကျိုးဆက်ကောင်းများ တိုးတက်ရရှိနိုင်မည့်အပြင် နိုင်ငံသားများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
စာချုပ်ချုပ်ဆိုခြင်းဖြင့် ဝင်ငွေတစ်ခုအတွက် အခွန်နှစ်ထပ်ကျသင့်ခြင်းကို ရှောင်ရှားနိုင်ခြင်း၊ အခွန်လိမ်လည်မှုနှင့် အခွန်ရှောင်မှုများကို ထိရောက်စွာ ကာကွယ်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး မြှင့်တင်ရန် အကူအညီဖြစ်စေပြီး အခွန်စီမံခန့်ခွဲမှု ကောင်းမွန်စေခြင်း၊ ရှင်းလင်းတည်ငြိမ်သော စည်းမျဉ်း စနစ်ဖြင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးပါသည့် ဥပဒေရေးရာ အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပြီး သတ်မှတ်ဝင်ငွေအမျိုးအစားများ အတွက် အခွန်သက်သာခွင့်စသည့် သီးခြားဝင်ငွေ အမျိုးအစားများအတွက်လည်း သက်သာသည့် အခွန်နှုန်းများရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုစာချုပ်သည် မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၀၈)(က,ခ)၊ ပုဒ်မ(၂၀၉)(က)၊ ပုဒ်မ (၂၉၅)(က-၁)နှင့် ပုဒ်မ (၄၅၆)တို့အရ ညီညွတ်ကိုက်ညီမှုရှိပြီး မိမိတို့နိုင်ငံ အတွက် အပြုသဘောဆောင်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေသော စာချုပ် တစ်ရပ်ဖြစ်သောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မြောင်းမြမဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်က သဘောတူစာချုပ်များသည် စာချုပ်ချုပ်ဆိုသည့် နိုင်ငံနှစ်ခုလုံးအပေါ် အခွန်ကောက်ခံပိုင်ခွင့်များကို ခွဲဝေပေးပြီး အဆိုပါနိုင်ငံနှစ်ခုအတွက် တာဝန်ဝတ္တရားများကို သတ်မှတ်ပေးသည်ကို တွေ့ရှိရပါကြောင်း၊ စာချုပ်၏ အဓိကပြဋ္ဌာန်းချက်များသည် စာချုပ်ချုပ်ဆိုသည့် နိုင်ငံတစ်ခု သို့မဟုတ် နှစ်ခုလုံးတွင် နေထိုင်သည့်အခွန်ထမ်းများကို အကျိုးကျေးဇူးရရှိရန် ရည်ရွယ်ချုပ်ဆိုလေ့ရှိသောကြောင့် မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ပေါ်ထွန်းလာစေမည်ကို သုံးသပ်ရရှိပါကြောင်း။
ထို့ကြောင့် ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်း စေမည့် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုရန်အတွက် လွှတ်တော်မှ သဘောတူလက်ခံပေးရမည်မှာ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၏ တာဝန်ဖြစ်သကဲ့သို့ ပါဝင် ထောက်ခံပေးရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က ဘယ်လာရုစ်နိုင်ငံသည် စက်မှုလုပ်ငန်း၊ ကာကွယ်ရေး လုပ်ငန်းနှင့် နည်းပညာပိုင်းတွင် အဆင့်မြင့်မားသော နိုင်ငံဖြစ်သည့်အတွက် ယခုကဲ့သို့ အခွန်နှစ်ထပ်ကျမှု ရှောင်ရှားရေးစာချုပ်ကို အတည်ပြုပြီး မြန်မာနိုင်ငံ၏ အသိပေးအကြောင်းကြားစာကို အမြန်ဆုံးပေးပို့ခြင်းအားဖြင့် နှစ်နိုင်ငံသံတမန်ရေးရာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း။
နောင်တွင် ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များက မိမိတို့နိုင်ငံရှိ ငါးကန်၊ ပုစွန်ကန်တို့ကို အခြေပြု ၍ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လာပါက ၎င်းကန်များအား စာချုပ်ပါ Article 5 အရ အမြဲတမ်းလုပ်ငန်းတည်ရာ ဌာန (Permanent Establishment)အဖြစ် တိကျစွာ သတ်မှတ်ပြီး Article 6 နှင့် Article 7 ပြဋ္ဌာန်းချက်များ ကိုပေါင်းစပ်ကာ မိမိတို့မြန်မာနိုင်ငံဘက်က အခွန် အပြည့်အဝ စည်းကြပ်ကောက်ခံပိုင်ခွင့်ရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဥပဒေကြောင်း အရ ကြိုတင်သတိပြုပြင်ဆင်ထားရန် ဖြည့်စွက် တိုက်တွန်းလိုပါကြောင်း။
စာချုပ်ပါ Article ၃၂ ခုစလုံးသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီပြီး နိုင်ငံတော်အတွက် အကျိုးရှိ သည့်အတွက် ဤသဘောတူစာချုပ်အား အတည်ပြုရန်နှင့် စာချုပ်အသက်ဝင်မည့် အသိပေးအကြောင်း ကြားစာကို ဘယ်လာရုစ်နိုင်ငံသို့ အမြန်ဆုံးပေးပို့ နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ရန်မရှိဘဲ အတည်ပြုပေးပါရန် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်း အောင်က လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် နှစ်နိုင်ငံအကြားရှိ သံတမန်ဆက်ဆံရေးကောင်းမွန်မှု၊ စီးပွားရေး ဆက်ဆံမှု၊ ကုန်သွယ်မှုပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ထည့်သွင်းစဉ်းစား၍လည်း ကောင်း၊ မိမိတို့နိုင်ငံ၏ အခွန်ဘဏ္ဍာငွေများအပေါ် သက်ရောက်မှုအနည်းဆုံး ဖြစ်စေနိုင်မည့် နိုင်ငံများကို ရွေးချယ်၍လည်းကောင်း စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုရှောင်ရှားရေးနှင့် အခွန် ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူ စာချုပ်ကို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအတွက် တည်ငြိမ်မှုရှိသော စီးပွားရေးနှင့် အခွန်စနစ် ပတ်ဝန်းကျင်ကို ဖန်တီးပေး နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အခွန်နှစ်ထပ် ကောက်ခံခြင်းကို ရှောင်ရှားနိုင်သည့်အတွက် နိုင်ငံ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးတက်လာစေနိုင်ခြင်း၊ အခွန်ဌာနများအကြား သတင်းအချက်အလက်ဖလှယ်မှုများ တိုးတက်လာပြီး အခွန်တိမ်းရှောင်မှုများကို ပူးပေါင်းတားဆီးနိုင်သဖြင့် အခွန်လိုက်နာမှု မြင့်မားလာစေနိုင်ခြင်း၊ နိုင်ငံ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တိုးတက် ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ် တားဆီးရေးစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပါက အဆိုပါစာချုပ်ကို မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးနိုင်ရေးနှင့် အများပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရေးတို့အတွက် အမိန့် ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာခြင်း၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်အား အကျိုး သက်ရောက်စေရေး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုနိုင်ရန်နှင့် မြန်မာနိုင်ငံဘက်က အသိပေး အကြောင်းကြားစာကို ဘယ်လာရုစ်သမ္မတနိုင်ငံဘက်သို့ ပေးပို့နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၈၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၅၉ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေး နိုင်ပါရန် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည် ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကာလ (၁)လ ထပ်မံတိုးမြှင့်၍ ခွင့်ပြုနိုင်ရေးနှင့် သဘာဝ ဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်(၁)လ ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး တောင်တွင်းကြီး မဲဆန္ဒ နယ်မှ ဒေါက်တာကျော်ဆွေက LNG အပေါ် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကို (၁)လ ခွင့်ပြုခြင်းသည် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ LNG အသုံးပြုမှုမြှင့်တင်ခြင်းသည် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် လောင်စာရင်းမြစ်များ ခွဲဝေအသုံးပြုနိုင်ရေး (Energy Diversification) နှင့် စွမ်းအင်လုံခြုံရေး (Energy Security) ကို တိုးတက်စေမည်ဖြစ်ပါကြောင်း။
Premium Diesel သည် သန့်ရှင်းသောလောင်စာ ဖြစ်ပြီး စွမ်းအင်ထိရောက်မှု၊ အင်ဂျင်သက်တမ်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပိုမိုကောင်းမွန်ပါသဖြင့် Premium Diesel ကိုပါ ခွင့်ပြုပေးမည်ဆိုပါက ပိုမိုသန့်ရှင်းသည့် စွမ်းအင်ကို အားပေးခြင်းဖြစ်သဖြင့် စက်ကိရိယာနှင့် ပတ်ဝန်းကျင် သက်ရောက်မှုအပေါ် များစွာ သက်သာစေပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ သက်သာချောင်ချိရေး၊ စွမ်းအင်လုံခြုံရေး၊ ရေရှည် အခွန်အခြေခံခိုင်မာရေးတို့ကို ရည်ရွယ်သည့် မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ ဖြစ်ပါသောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်း အောင်က နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအသုံးပြုရသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေရန်၊ အများပြည်သူအတွက် လျှပ်စစ်ဓာတ်အားခဈေးနှုန်း မြင့်တက်မှုမရှိစေရန်၊ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန်နှင့် အခြေခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့ စေရေးကို အဓိကဦးတည်၍ ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တို့အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြစ်ပါ ကြောင်း။
ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းနှင့် သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်နေမှုသည် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် ကုန်ဈေးနှုန်းအပေါ် တိုက်ရိုက်ရိုက်ခတ်မှုရှိနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု စားဝတ်နေရေး၊ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးတို့ အတွက် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းညှိ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့ အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းအခြေအနေ၊ ပြည်တွင်း ဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည် ဈေးနှုန်းအခြေအနေ၊ အခြားဒေသတွင်းနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေများကို လစဉ်စိစစ် သုံးသပ်လျက်ရှိပြီး လိုအပ်ပါက ဒီဇယ်ဆီ HSD (500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်တို့အပေါ် အခွန်ကင်းလွတ်ခွင့်ကာလကို ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ၃၁ ရက်အထိ (၁)လ ထပ်မံ၍ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ကာလ တိုးမြှင့်၍ ခွင့်ပြုနိုင်ရေးနှင့် သဘာဝဓာတ်ငွေ့ ရည် (Liquefied Natural Gas) အပေါ် ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ၃၁ ရက်အထိ (၁)လ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးတို့အတွက် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၅၃၁ မဲ၊ ကြားနေမဲ လေးမဲဖြစ်၍ ထောက်ခံမဲများသဖြင့် သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ကလောမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒာလှမြင့် တင်သွင်းသည် အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေ နှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၁၀) ဒေါက်တာခိုင်ခိုင်ဆုက ထိုတူညီ ဆန္ဒ ငါးချက်ထုတ်ပြန်မည်ကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံများကို ကြိုတင်အသိပေးညှိနှိုင်းခဲ့ခြင်း မဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက်၏ နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည့်အတွက် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်အနေဖြင့် ချမှတ်ခဲ့ခြင်း မဟုတ်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံ ထုတ်ပြန်ချက်(၅)ရပ်သည် မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိပါကြောင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအချို့က မိမိတို့ဆန္ဒအလျောက် မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံပုံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပါကြောင်း။
အာဆီယံအနေဖြင့်လည်း မြန်မာပြည်သူများ အပေါ် စေတနာသဘောထားမှန်ကန်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အမှန်တကယ် အပြုသဘောဆောင်သော အပြောင်းအလဲနှင့် တိုးတက်မှုများကို အလိုရှိပါက မြန်မာပြည်သူ လူထုအတွက် တကယ်တမ်းသက်ရောက်မှုရှိပြီး လက်တွေ့ကျသော ချဉ်းကပ်မှုများ (Practical and Realistic Approaches) ကိုသာ အဓိကထားဦးစားပေး ဆောင်ရွက်သင့်ပါကြောင်း။
ပြည်သူ့ဆန္ဒအရ ရွေးကောက်ထားသော ရွေးကောက်ခံအစိုးရကို အသိအမှတ်မပြုခြင်းသည် ရွေးကောက်ပွဲကို မလေးစားခြင်းနှင့် ထိုရွေးကောက်ပွဲတွင် တက်ကြွစွာ ပါဝင်မဲပေးခဲ့သော ပြည်သူပြည်သားများကို အလေးမထားခြင်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိဆောင်ရွက်နေသော အရေးယူမှုများဖြင့်သာမက ရှေ့ဆက်လက် ထိရောက်သည့် လက်တွေ့ကျသော အစီအမံများဖြင့် တုံ့ပြန်သင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်က အာဆီယံ ထုတ်ပြန်ချက် (၅)ရပ်အပေါ် လေ့လာကြည့်ပါက ပထမအချက်တွင် “မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံး အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ရန်” ဟုဖော်ပြထားပါကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသောအဖွဲ့များ အပေါ်တွင်သာ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး အေးချမ်းစွာနေထိုင်သော ပြည်သူများ၊ ငြိမ်းချမ်းစွာ နေထိုင်လျက်ရှိသော EAOs အဖွဲ့များနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ဒုတိယအချက်ဖြစ်သည့် “ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေရရှိရန် သက်ဆိုင်သူများအားလုံးအကြား အပြုသဘော ဆောင်ဆွေးနွေးပြုလုပ်ရန်” အချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ် ကာလအတွင်း NCA လက်မှတ်ရေးထိုးပြီးနှင့် မပြီးသေး သော EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေးမှု ၁၆၃ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ခံ အစိုးရသစ်လက်ထက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ ငါးနှစ်အတွင်း တည်ငြိမ်အေးချမ်းအောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်း များ စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
တတိယအချက်ဖြစ်သည့် “အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် ဆွေးနွေးမှုလုပ်ငန်းစဉ် များ၌ ကြားဝင်ဖျန်ဖြေဆောင်ရွက်ပေးရန်” နှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် အတွင်း လာရောက်စဉ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၉ ပါတီမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။
စတုတ္ထအချက်ဖြစ်သည့် “AHA Centre မှ တစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ် ရန်”နှင့် ပတ်သက်၍ ASEAN Task Force ကို ဖွဲ့စည်းပြီး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပဉ္စမအချက်ဖြစ်သည့် “အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့များသည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ရန်”နှင့် ပတ်သက်၍ အထူးကိုယ်စားလှယ် လေးဦး မြန်မာနိုင်ငံသို့ ရှစ်ကြိမ်လာရောက်ခဲ့ပြီး လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါကြောင်း။
အာဆီယံ ထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်ပြီး အထက်ဖော်ပြပါအချက်များအရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်တွင် အာဆီယံ အပေါ် မိတ်ဝတ်မပျက် ဆက်ဆံပြီး အလေးထား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်တွင် ရွေးကောက်ခံပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် အကြမ်းဖက်မှုပပျောက်ရေး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေသောကြောင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် သီးခြားအကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မဟုတ်ဘဲ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ပြည်သူ လူထုတို့၏ ထောက်ခံအားပေးမှုစွမ်းအားဖြင့်သာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊ အာဆီယံ၏ အခြေခံမူဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အခြေခံမူနှင့် ကွဲလွဲလျက်ရှိသည့်အတွက် မြန်မာနိုင်ငံ၏ တန်းတူ ညီမျှမှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစား စေလိုသဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ ပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသဖြင့် လည်းကောင်း အာဆီယံထုတ်ပြန်ချက် (၅) ရပ်အား သုံးသပ်ဆောင်ရွက်နိုင်ရန် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များကို တိကျစွာ လေးစားလိုက်နာလျက် ရှိပြီး အာဆီယံရေးရာကိစ္စများကိုလည်း တက်ကြွ စွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန် ကို ထမ်းဆောင်လျက်ရှိသည့် မြန်မာအစိုးရနှင့် တပ်မတော်အား မသင့်လျော်သည့် သုံးနှုန်းဖော်ပြ ချက်များကိုလည်း ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀)နိုင်ငံစလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းကိုသာ လက်ခံမည်ဖြစ်ပါကြောင်း၊ အာဆီယံ ပဋိညာဉ်ပါပြဋ္ဌာန်းချက်နှင့် အခြေခံမူကို လေးစား လိုက်နာပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး ကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တောင်းဆိုလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနှင့် တစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွား၊ ဒေသအတွင်း အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ ရှေးရှုပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ASEAN Charter ၏ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး မတိမ်းမစောင်းဘဲ လိုက်နာဆောင်ရွက်ရန်၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ဘဲ နိုင်ငံတစ်နိုင်ငံချင်း၏ အချုပ်အခြာအာဏာကို လေးစားရန် (Non - Interference)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အဆင့်အတန်းတူစွာ ကိုယ်စားပြုရေးဆိုသည့် ASEAN Charter အပိုဒ် (၅) ပြဋ္ဌာန်းချက်ကို လေးစားလိုက်နာရန်၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပေါ်တိုးတက်မှုများကို မျက်ကွယ်မပြုရန်နှင့် AIPA အာဆီယံပါလီမန်များ ညီလာခံ အဖွဲ့ဝင်နိုင်ငံများရှိ ပါလီမန်အမတ်များအား မိမိတို့ နိုင်ငံ၏ ပကတိအရှိတရားများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာရန်နှင့် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အကြံပြု တိုက်တွန်းလိုပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုးက ရွေးကောက်ခံ နိုင်ငံတော်အစိုးရနှင့် နိုင်ငံ၏ လွှတ်တော်တို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို မီးမောင်းထိုးပြနေပါကြောင်း၊ မြေပြင် ပကတိအရှိတရားကို မျက်ကွယ်ပြုပြီး အာဆီယံ ထုတ်ပြန်ချက်(၅)ရပ် ပေါ်ပေါက်လာခြင်းက ဖြစ်သင့် သောကိစ္စမဟုတ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံအချင်းချင်း တန်းတူညီမျှစွာ ပို၍ချစ်ကြည်ရင်းနှီးရန်နှင့် အကြမ်းဖက်မှုမှန်သမျှ ရပ်တန့်သွားစေရန် မူလအာဆီယံ၏ ရည်ရွယ်ချက်အတိုင်း နိုင်ငံအချင်းချင်း ပူးပေါင်း လုပ်ဆောင်ရေးကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအချင်းချင်း အပြုသဘောဆွေးနွေးမှု၊ ညှိနှိုင်းမှုတို့ လိုအပ်ပါကြောင်း၊ မလိုမုန်းထားစိတ်ဖြင့် အာဆီယံဒေသတွင်းသာမက ကမ္ဘာ့အကျိုးကိုပါ မျက်ကွယ်ပြုနေခြင်းသည် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေတတ်ပါကြောင်း။
အဆိုပါ အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံနိုင်ငံအချင်းချင်း ရင်းနှီးမှု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးလိုလားမှု၊ ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ အာဆီယံအသိုက်အဝန်း၏ စည်းလုံးညီညွတ်မှု၊ အာဆီယံပြည်သူအချင်းချင်း ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ နိုင်ငံအချင်းချင်း အချုပ်အခြာ အာဏာကို လေးစားတတ်မှု၊ တန်ဖိုးထားမှုစသည့် ဖြစ်တည်မှု အခြေအနေများနှင့် အာဆီယံ၏ စွမ်းရည် များကို အမှန်တကယ် ကျဆင်းစေမည်သာဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၏ အမျိုးသားစရိုက်လက္ခဏာများကိုပါ ပျက်စီးစေသည့်အတွက် အာဆီယံဆိုင်ရာ အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်းနှင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်ကို ပြန်လည်ညှိနှိုင်း ပြင်ဆင်ပေးရန် ဆန္ဒပြုတိုက်တွန်းပါကြောင်း ဆွေးနွေးသည်။
ကွန်ဟိန်း မဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှက မိမိတို့ နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံချမှတ်ထားသည့် အရှေ့တောင်အာရှနိုင်ငံ များအသင်း ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သဘောတူညီချက်ချမှတ်ထားသော ရည်ရွယ်ချက်နှင့် အခြေခံမူများကို တိကျစွာ လိုက်နာကျင့်သုံးပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆက်ဆံကြရန် လိုအပ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ သဘော တူညီမှုမပါရှိသော အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို အာဆီယံဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့ပြီး မိမိတို့နိုင်ငံ အပေါ် ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိ ရမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးပြီး နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်ခြယ်လှယ် လုပ်ကိုင်လိုသည့် ထုတ်ပြန်ကြေညာချက်မျိုးဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေးကို မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် လေးစားသော်လည်း အချို့နိုင်ငံများ၏ အကြီးအကဲ ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လူမျိုး၊ ဘာသာ စကား၊ ယဉ်ကျေးမှုများကို အခြေခံပြီး လေးစားမှု မရှိကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ယခုအချိန် အခါတွင် မိမိတို့နိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ဖွဲ့စည်းသည့် အစိုးရသစ်တစ်ရပ် တရားဝင်ပေါ်ထွန်းလာပြီဖြစ်သည့် အတွက် နိုင်ငံတကာဆက်ဆံရေးကို အလေးထားပြီး အာဆီယံထုတ်ပြန်ချက်(၅)ရပ်အပေါ် ပြန်လည် သုံးသပ်ပြီး ဆောင်ရွက်သင့်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကျွန်းစု မဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်းက အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အခန်း (၇) ပါ ပြည်တွင်းရေးတွင် မစွက်ဖက်ရေးမူနှင့် အာဆီယံပဋိညာဉ်စာတမ်း နှစ်ခုလုံးတွင်ပါရှိသည့် အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးတွင် မစွက်ဖက်ရေးမူများကို ဖောက်ဖျက်နေပါကြောင်း၊ မြန်မာအစိုးရခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ရန် သဘောတူညီချက်၊ ကန့်သတ်ချက်များထားရှိခြင်း၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းတို့သည် အာဆီယံပဋိညာဉ်စာတမ်းကို ဖောက်ဖျက်ကာ ပြည်တွင်းရေးကို စွက်ဖက်ခြင်းပင်ဖြစ်ပါကြောင်း၊ “သဘောတူညီမှုဖြင့် ဆုံးဖြတ်ခြင်း” ဆိုသည့်မူကို အကောင်အထည်ဖော်ရာတွင် အာဆီယံအတွင်း သဘောထားကွဲလွဲမှုကို ပိုမိုပေါ်လွင်စေပါကြောင်း၊ အာဆီယံ၏ အခန်းကဏ္ဍသည် ဖျန်ဖြေရေးသာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးတွင် တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခွင့်မရှိပါကြောင်း၊ အာဆီယံ၏ စည်းရုံး ညီညွတ်မှုကိုပါ စိန်ခေါ်နေသည့်အခြေအနေကို ဖန်တီးနေပါကြောင်း။
ထို့ကြောင့် အာဆီယံ၏ ဒေသတွင်း ဗဟိုချက်ကျမှု(centrality)ကို အားနည်းစေပြီး အခြားသော အင်အားကြီးနိုင်ငံများအတွက် ဩဇာလွှမ်းမိုးနိုင်သည့် နေရာတစ်ခု ဖန်တီးပေးလိုက်သည်ဟု သုံးသပ်၍ ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ ဝင်နိုင်ငံအဖြစ် တာဝန်ဝတ္တရားများကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ခဲ့သော်လည်း အာဆီယံဘက်မှ ခွဲခြားဆက်ဆံမှုများကြောင့် အပြုသဘောမဆောင် ကြောင်းကို ထောက်ပြလိုပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် အလွန်အရေးကြီးပါကြောင်း၊ လူတစ်ဦး၏ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်အရ အခြားသူ၏အမိန့်ကိုမနာခံဘဲ မိမိ၏ အနာဂတ်ကို မိမိရွေးချယ်နိုင်သည့် ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို ကိုယ်စားပြုပြီး အချုပ်အခြာအာဏာသည် အားနည်းချိန်တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပျောက်ဆုံးလေ့ရှိပြီး ပြန်လည်ရရှိရန် အသက်၊ သွေး၊ ချွေး၊ မျက်ရည်၊ ဘဝနှင့် မျိုးဆက်ပေါင်းများစွာရင်းပြီး ကြိုးပမ်းကြရပါကြောင်း၊ အချုပ်အခြာအာဏာသည် တန်ဖိုးဖြတ်၍ မရ၊ အလဲအလှယ်လုပ် မရနိုင်သော အရာ တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံကို မိသားစုဟု ထင်မြင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကောင်းကွက်များကို မမြင်ဘဲ အပြုသဘောဆောင်ခြင်းများကို မျက်ကွယ်ပြုနေပါကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အချုပ်အခြာအာဏာနှင့် ကံကြမ္မာကို ထိပါးစေသည့် ထုတ်ပြန်ချက်ကို ထိရောက်ပြတ်သားစွာ အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်သင့်ပါကြောင်းနှင့် အဆိုကို ထောက်ခံကြောင်း ဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော်နာယကက ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဇူလိုင် ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားပါကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဆဋ္ဌမနေ့ကို ဇူလိုင် ၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


