ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ လာအိုရိုးရာ ပိုးထည်ပြတိုက်နှင့် လာအိုအနုပညာပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားသည့် နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့တွင် လာအိုရိုးရာပိုးထည် ပြတိုက်နှင့် လာအိုအနုပညာပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာသည်။
ဦးစွာ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ ဇနီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ လာအို ရိုးရာပိုးထည်ပြတိုက်သို့ရောက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ၏ ဇနီး မစ္စစ်နားလီဆီစုလိနှင့် လာအို ရိုးရာပိုးထည်ပြတိုက်မှ တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် လာအိုရိုးရာ ပိုးထည်ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပိုးထည် များနှင့် ပတ်သက်၍ လိုက်လံရှင်း လင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ၏ဇနီး ဒေါ်ကြူကြူလှသည် လာအိုရိုးရာ ပိုးထည်ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ပြတိုက်တာဝန်ရှိသူနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
အဆိုပါ လာအိုရိုးရာပိုးထည် ပြတိုက်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်ရှိ အရေးပါ သော ယဉ်ကျေးမှုအမွေအနှစ် ပြတိုက်နှင့် ပြပွဲခန်းမတစ်ခုဖြစ်ပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ် ၏ ဇနီး မစ္စစ် နားလီဆီစုလိ ကိုယ်တိုင်ဦးဆောင်ပံ့ပိုးမှုဖြင့် လာအိုရိုးရာ လက်မှုပညာအသင်းက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် Lao Silk Residence ကို တရားဝင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြတိုက်ကို ပြင်သစ်ကိုလိုနီခေတ် ဗိသုကာဒီဇိုင်းနှင့် လာအိုရိုးရာ ဗိသုကာလက်ရာများ ပေါင်းစပ် တည်ဆောက်ထားပြီး လာအိုနိုင်ငံ တစ်ဝန်းရှိ မတူကွဲပြားသော တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာပိုးထည်ယဉ်ကျေးမှုကို တစ်နေရာတည်းတွင် စုံလင်စွာ လေ့လာနိုင်သည့် ပြတိုက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် ဗီယင်ကျန်းမြို့ရှိ လာအိုအနုပညာ ပြတိုက်(Lao Art Museum)သို့ သွားရောက် လေ့လာကြရာ ပြတိုက်မှ တာဝန်ရှိသူများက ခရီးဦးကြိုဆိုနှုတ်ဆက် ကြသည်။
ယင်းနောက် လာအိုအနုပညာ ပြတိုက် (Lao Art Museum)အတွင်း လှည့်လည်ကြည့်ရှုရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် လက်မှုအနုပညာ ပစ္စည်းများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် လာအိုအနုပညာ ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာဝန်ရှိသူနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
အဆိုပါ လာအိုအနုပညာပြတိုက်(Lao Art Museum)ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လာအိုနိုင်ငံ၏ ခေတ်အဆက်ဆက် အနုပညာ လက်ရာများ၊ ပန်းချီ၊ ပန်းပု လက်ရာများကို တစ်နေရာတည်းတွင် ခင်းကျင်းပြသထားကြောင်းနှင့် ပြတိုက်အတွင်း ဝါရင့်အနုပညာရှင်များမှစ၍ မျိုးဆက်သစ်လူငယ်များ၏ ရိုးရာဗုဒ္ဓရုပ်ပွားတော်များနှင့် အယူအဆဆန်းသစ်သည့် ခေတ်ပေါ်စိတ်ကူးယဉ် ပန်းပု၊ ဆီဆေး၊ ရေဆေး၊ ပန်းချီ လက်ရာများကို ကဏ္ဍအလိုက် ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်


