နေပြည်တော် ဇူလိုင် ၄

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လာအိုအသေးစား၊ အငယ်စား စက်မှုလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လာအို အသေးစား၊ အငယ်စားစက်မှုလုပ်ငန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် လာအို အသေးစား၊ အငယ်စားစက်မှုလုပ်ငန်းမှ ထုတ်လုပ် ထားသည့် ချည်ထည်များနှင့် ပိုးထည်များကို ကြည့်ရှုပြီး လာအိုရိုးရာသဘာဝအသီးများမှ ဆပ်ပြာ ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတက လာအိုရိုးရာ သဘာဝဆပ်ပြာပြုလုပ်ရန် ထုတ်လုပ်ထားသည့် ဆပ်ပြာဆီများအား ပုံစံခွက်အတွင်းသို့ ပုံလောင်းပေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ဆက်လက်၍ ပိုးထည်များ ထုတ်လုပ်မှုနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိမှုမှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး ပိုးများမွေးမြူထားရှိမှုနှင့် ချည်များထုတ်လုပ်မှု၊ ချည် ဆေးဆိုးခြင်းနှင့် ပိုးထည်များကို ရိုးရာရက်ကန်းစင်များဖြင့် ရက်လုပ်နေမှုလုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုလေ့လာကြကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

လက်မှတ်ရေးထိုး

ထို့နောက် နိုင်ငံတော်သမ္မတထံ နိုင်ငံတော်သမ္မတ ပုံလောင်းထည့်ပေးထားသည့် လာအိုရိုးရာ သဘာဝဆပ်ပြာအား လက်ဆောင်အဖြစ်ပေးအပ်ပြီး နိုင်ငံတော်သမ္မတက လာအိုအသေးစား၊ အငယ်စား စက်မှုလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် လာအို အသေးစား၊ အငယ်စားစက်မှုလုပ်ငန်းမှ တာဝန်ရှိသူ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

အဆိုပါ လာအို အသေးစား၊ အငယ်စားစက်မှု လုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သည် လာအိုကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်၍ လာအိုရိုးရာလက်မှုပညာများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းမှုအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်ဖြစ်သည့်အပြင် လက်မှုပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့်ဈေးကွက်အခွင့်အလမ်းများ ရှာဖွေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်း၏ မျှော်မှန်းချက်မှာ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ၎င်းတို့နှင့်ဆက်စပ်သည့် လူမှုအသိုင်းအဝိုင်းများတွင် ပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုအရ သင့်လျော်ကိုက်ညီသော လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ Phontong Handicraft Cooperative (PHC) ကို ၁၉၇၆ ခုနှစ်တွင် ဗီယင်ကျန်းမြို့ရှိ ဖွန်ထုံကျေးရွာတွင် နေထိုင်သော အမျိုးသမီး ၁၀ ဦးက ၎င်းတို့ ထုတ်လုပ်သည့် လက်မှုပစ္စည်းများကို စုပေါင်းရောင်းချနိုင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ Patuxai (Victory Gate) သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ Patuxai (Victory Gate) ၌ လှည့်လည်ကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် Patuxai (Victory Gate)ရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ဗီယင်ကျန်းမြို့တွင် တည်ရှိသော Patuxai (Victory Gate) သည် နိုင်ငံ၏အထင်ကရ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ကြောင်း၊ အဆို Patuxai (Victory Gate) ကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ Patuxai (Victory Gate) သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေးနှင့် နိုင်ငံအတွက် အသက်ပေးခဲ့သော စစ်သည်များကို ဂုဏ်ပြုရန် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အအုံ၏ဒီဇိုင်းမှာ ပြင်သစ်နိုင်ငံ၏ Arc de Triomphe မှ ယူထားသော်လည်း လာအိုရိုးရာ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူအနုပညာလက်ရာများဖြင့် အလှဆင်ထားခြင်းဖြစ်ကြောင်း၊ Patuxai (Victory Gate) အတွင်းနံရံများနှင့် မျက်နှာကြက်များတွင် နတ်သမီး၊ ကင်းနရီနှင့် ပန်းနွယ်အလှဆင် ပန်းပုလက်ရာများကို မြင်တွေ့နိုင်ပြီး အပေါ်ဆုံးရှုခင်း ကြည့်စင်မှ Vientiane မြို့၏ မြင်ကွင်းကျယ်ကို ကြည့်ရှုနိုင်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အများဆုံး လာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

သတင်းစဉ်