ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော် ဇူလိုင် ၅

 

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လွန်ပရာဘန်မြို့ရှိ တော်ဝင် နန်းတော်ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ဝပ်တိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လွန်ပရာဘန်မြို့သို့ ထွက်ခွာကြရာ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတရုံးဝန်ကြီး မစ္စစ် ဖွန်းစမွတ် အန်လာဝန် ဦးဆောင်သည့်လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော် သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လွန်ပရာဘန်ပြည်နယ် ပါတီ အတွင်းရေးမှူး H.E. Mr. Boun-leuam MANIVONG နှင့် ဇနီးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထိုသို့ ကြိုဆို နှုတ်ဆက်စဉ် ကော်ဇောနီ၏ ဘေးတစ်ဖက်တစ်ချက်တွင် လာအိုကင်းထောက်လူငယ် မောင်မယ် လေးများက နှစ်နိုင်ငံအလံမျာ ဝှေ့ယမ်းပြီး လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် တော်ဝင်နန်းတော် ပြတိုက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် တော်ဝင်နန်းတော် ပြတိုက်အတွင်းရှိ လာအို ရှေးဟောင်း “ဖဘန်”ဘုရားကို ဖူးမြော်ကြည်ညို၍ ဆီမီးနှင့်ပန်းများ ကပ်လှူပူဇော်ကာ ရွှေကြာသင်္ကန်းနှင့် အများပြည်သူ ဖူးမြော်နိုင်ရန်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် မာရဝိဇယဘုရားကြီး တည် ဆောက်ခဲ့မှု သမိုင်းမှတ်တမ်း စာအုပ်အားလှူဒါန်းရာ တာဝန်ရှိ သူတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ ဘုရားကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

အဆိုပါ “ဖဘန်” ဘုရားသည် နန်းတော်ပြတိုက်၏ ဝင်ပေါက်ညာဘက်တွင်ရှိပြီး ၁ ရာစုက သီရိလင်္ကာ နိုင်ငံတွင် သွန်းလောင်း ခဲ့ကာ ၁၃၅၉ ခုနှစ်တွင် ခမာဘုရင် က ၎င်း၏သမက် လာအိုဘုရင် Fa Ngum အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘုရားကျောင်းတော်ကို ၁၉၆၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ပြည်တွင်းစစ်ကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင်ခဲ့ ပြီး ၂၀၀၆ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ယင်းနောက် နိုင်ငံတော် သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တော်ဝင်နန်းတော်ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးလာအိုဘုရင် များအသုံးပြုခဲ့ သော အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ သည် တော်ဝင်နန်းတော်ပြတိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ တော်ဝင်နန်းတော် ပြတိုက်ရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

အဆိုပါ တော်ဝင်နန်းတော် ပြတိုက်သည် မဲခေါင်မြစ်ကမ်းပါးပေါ်တွင် တည်ရှိပြီး နိုင်ငံ၏ အမြင့်မြတ်ဆုံး နေရာအဖြစ် ထိန်းသိမ်းထားရှိကြောင်း၊ ယခင်က ကျွန်းသစ်များဖြင့်သာ ဆောက်လုပ် ထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြုပြင် သည့်အခါတွင် ပြင်သစ် Beaux လက်ရာများနှင့် လာအိုဗိသုကာ ပုံစံတို့ကိုရောနှော၍ အုတ်ကို အစားထိုးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် လာအိုတို့ အာဏာ ရရှိလာခဲ့ချိန်တွင် ဘုရင်စနစ်အား ဖျက်သိမ်းခဲ့ပြီး တော်ဝင်မိသားစုတို့သည် အဆိုပါနန်းတော်မှ ထွက်ခွာခဲ့ရကာ ယခုကဲ့သို့အမျိုးသားပြတိုက် အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ယူနက်စကို (UNESCO) အဖွဲ့ကြီးက လွန်ပရာဘန်မြို့ တစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်မြို့အဖြစ် တရား ဝင် သတ်မှတ်ခဲ့ရာတွင် ယခုဘုရင့် နန်းတော်ပြတိုက်သည် မြို့၏ သမိုင်းဝင်အမွေအနှစ် ဗဟိုချက် (Core Zone)အဖြစ် အဓိကဂုဏ်ပြု သတ်မှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာ လက်ရာနှင့် လာအိုရိုးရာအနုပညာတို့ ထူးခြားပြောင်မြောက်စွာ ပေါင်းစပ်တည်ဆောက်ထားမှုကြောင့် အဆိုပါဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဝပ်စီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဦးစွာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဝပ်စီယမ်သုန်ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓ ရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆီမီး၊ ပန်းနှင့် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်၍ ဝပ်စီယမ်သုန် ဘုရားကျောင်းအတွင်း အများပြည်သူ ဖူးမြော်နိုင်ရန်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် မာရဝိဇယ ဘုရားကြီးတည်ဆောက်ခဲ့မှု သမိုင်း မှတ်တမ်းစာအုပ်အား လှူဒါန်းသည်။

 

ဖူးမြော်ကြည်ညို

ထို့နောက် ဘုရားကျောင်းအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်မြတ်များအား လိုက်လံဖူးမြော်ကြည်ညို ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

 

အဆိုပါ ဝပ်စီယမ်သုန်ဘုရား ကို ၁၆ ရာစုနှစ်အတွင်း ဘုရင် Saya Setthathirath လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ၁၅၆၀ ပြည့်နှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့ကြောင်း၊ အဆိုပါဘုရားကျောင်းသည် လာအိုနိုင်ငံ၏ ရိုးရာလက်ရာများနှင့် ဗိသုကာလက်ရာများအနက် စိတ်ဝင်စားစရာကောင်း သည့် ဘုရားကျောင်းတစ်ခုလည်းဖြစ်ပြီး မှန်စီရွှေချ ဘဝသစ်ပင် ပန်းချီကားနှင့် သိမ်တော်အဆောက် အအုံ၏ ခေါင်မိုးဗိသုကာလက်ရာများမှာ ထင်ရှားကြောင်း၊ လွန်ပရာဘန်ပြည်နယ်သို့ ရောက်ရှိခဲ့ပါက ဝပ်စီယမ်သုန် ဘုရားကျောင်းသို့သွားရောက်ဖူးမြော်ပါက ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ အောင် မြင်မှုများရရှိသည်ဟု ယုံကြည်သက်ဝင်ကြကြောင်း၊ ရွှေဖြင့် အနုစိတ်စီကာထားသည့် မျက်နှာစာ၊ မှန်စီရွှေချ ရွှေရောင်စုံ ပန်းချီကားများကြောင့် အာရှတိုက်တွင် အလှပဆုံးဘုရားကျောင်း တစ်ကျောင်း အဖြစ် ကမ္ဘာလှည့် ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိကြောင်း သတင်းရရှိသည်။

 သတင်းစဉ်