ပေကျင်း ဇူလိုင် ၅
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်တပ်ဖွဲ့နှင့် ရုရှားနိုင်ငံတပ်မတော် ရေတပ်ဖွဲ့တို့သည် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ် ချင်းတောင်မြို့အနီးရှိ ရေပိုင်နက်နှင့် လေပိုင်နက်တွင် "Joint Sea-2026" ဟုအမည်ရသည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအား ယခုလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုဆောင်ရွက်ပြီးနောက်တွင် နှစ်ဖက်တပ်ဖွဲ့များပူးပေါင်း၍ ပူးတွဲရေကြောင်း ကင်းလှည့်ခြင်းကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သတ်မှတ်ထားသည့် ဒေသများတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်မည့် ရုရှားရေတပ်မှ စစ်သင်္ဘောများသည် ချင်းတောင်ရှိ စစ်ဖက်ဆိုင်ရာဆိပ်ကမ်းသို့ ဇူလိုင် ၅ ရက်တွင် ရောက်ရှိခဲ့ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားနိုင်ငံ ရေတပ်ဖွဲ့သည် ယခုစစ်ရေးလေ့ကျင့်ခန်းအတွက် ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာသင်္ဘော တစ်စင်း၊ ဖရီးဂိတ်သင်္ဘောတစ်စင်း၊ ရေငုပ်သင်္ဘောတစ်စင်းနှင့် ကယ်ဆယ်ရေးသင်္ဘော တစ်စင်းတို့ကို စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံ ရေတပ်ဖွဲ့သည် ယခုစစ်ရေးလေ့ကျင့်ခန်းအတွက် ဖျက်သင်္ဘောများ၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်သင်္ဘောတစ်စင်း၊ ထောက်ပံ့ရေးသင်္ဘော တစ်စင်း၊ ကယ်ဆယ်ရေးသင်္ဘော တစ်စင်းနှင့် ရေငုပ်သင်္ဘောတစ်စင်းတို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ပူးတွဲတုံ့ပြန်ရန်အတွက် ယခုစစ်ရေးလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး လေ့ကျင့်မှုအတွင်း တပ်ဖွဲ့ဝင်များစုစည်းခြင်း၊ ဆိပ်ကမ်းတွင် အစီအစဉ်များရေးဆွဲခြင်းနှင့် ပင်လယ်ပြင်စစ်ဆင်ရေးများဆင်နွှဲခြင်းတို့အား လေ့ကျင့်ဆောင်ရွက်မည်ဖြစ် သည်။ ထို့ပြင် ပင်လယ်ပြင်တွင် ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးအပါအဝင် ရေကြောင်းစစ်ဆင်ရေးများနှင့် အခြားလေ့ကျင့်ခန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။
နှစ်ဖက်တပ်ဖွဲ့ဝင်များကြား အသိပညာများဖလှယ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး သင်္ဘောများအား အပြန်အလှန်လေ့လာရေးခရီးများ သွားရောက်မည်ဖြစ်သည်။
အဆိုပါလေ့ကျင့်မှုသည် နှစ်နိုင်ငံတပ်ဖွဲ့များအကြား နှစ်စဉ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ပူးတွဲတုံ့ပြန်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုကာကွယ်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


