နီဇော်သစ်

လီခိုင်ဖု၏  အနာဂတ်ဇာတ်လမ်း  ၁၀ ပုဒ်ကို အကြမ်းဖျင်းလေ့လာပြီးသည့်နောက်  ဘာကို တွေ့လာရပါသလဲ။ နည်းပညာတို့သည်၊ အထူးသဖြင့် အထွေထွေသုံးနည်းပညာဟုဆိုနိုင်သော General Purposed Technologies တို့သည် အစပိုင်းတွင် ကိရိယာတစ်ခုအဖြစ်ပေါ်လာပြီး    တဖြည်းဖြည်း လူ့အဖွဲ့အစည်းနှင့် တစ်သားတည်းကျလာကာ မရှိမဖြစ် လိုအပ်ချက်ဖြစ်လာတတ်သည်။ အနီးဆုံး ဥပမာပြောရလျှင် အင်တာနက်ပေါ်လာသည်။ အရင်ဆုံး ကိရိယာတစ်ခုအဖြစ်သုံးကြသည်။ ထို့နောက် နေ့စဉ်ဘဝထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် တစ်သားတည်းကျသွားသည်။   ယခု  ကမ္ဘာပေါ်ရှိ လူအများစုသည် အင်တာနက်မရှိဘဲ မနေတတ်ကြတော့။ စမတ်ဖုန်းများသည်လည်း အလားတူပင်။ ထို့ကြောင့် အထွေထွေသုံးနည်းပညာတစ်ရပ်ဖြစ်လာနိုင်ရန် အလားအလာအမြင့်ဆုံး အနေအထားတွင်ရှိသည်။ ဉာဏ်ရည်တုနည်းပညာသည်လည်း ယနေ့ခေတ်လို  ကနဦးအဆင့်မှာပင် ထိုအဆင့်များကို တက်လှမ်းလာကြောင်း မြင်နေရသည်။

သို့သော် ဉာဏ်ရည်တုနည်းပညာ၏ စွမ်းပကားမှာ ပိုထူးခြားသည်။ မရှိမဖြစ် အသုံးအဆောင်အဖြစ် လောက်နှင့်ရပ်မနေ။   လူသားတို့ကို  ဘောင်တစ်ခုအတွင်း သွတ်သွင်းဖို့  ကြိုးစားလာနိုင်သည်ကို အဆိုပါ ဇာတ်လမ်း ၁၀ ပုဒ်တွင် တွေ့မြင်ခဲ့ရပါလိမ့်မည်။ အစပိုင်းတွင် အေအိုင်နှင့်အတူ ယှဉ်တွဲ နေထိုင်ခြင်းသည် ကောင်းမွန်သက်သာသောဘဝရစေသည်ကို မြင်ရသည်။ သို့သော် တဖြည်းဖြည်း ဘဝထဲကို ဝင်ရောက်စွက်ဖက်လာသည်ဟု ခံစားလာရသည်။ အေအိုင်က  ဦးတည်ပေးသော  ဘဝနေထိုင်မှုပုံစံသည် လူသားတို့ တကယ်နေချင်သည့် ဘဝနေထိုင်မှုပုံစံဖြစ်နိုင်ပါရဲ့လား။ လက်ရှိအချိန် အထိ အေအိုင်ကို  ကိရိယာတစ်ခုလိုသုံးသည်။ အကြံဉာဏ်ရယူသည်။ စကားပြောရင်ဖွင့်သည်။ ထိုနည်းဖြင့် အေအိုင်သည် လူသားတို့၏အတွေးအခေါ်များအပေါ် စိုးမိုးလာသည်အထိ ဖြစ်လာနိုင်မလား။

ထို့ပြင် လှိုင်းဆိုသည်မှာ လှိုင်းလုံးတစ်လုံးတည်းနှင့်  ပြီးသွားသည်မျိုးမဟုတ်။ နည်းပညာလှိုင်းများသည်လည်း အလားတူပင်။ အေအိုင်သည် လှိုင်းလုံးကြီးတစ်ခုဆိုလျှင် သူ့လိုပင် အားကြီးသည့် လှိုင်းကြီးများနှင့်   သူ့လောက်အားမကြီးသည့် လှိုင်းငယ်များက ဝိုင်းဝန်းပံ့ပိုးထားမည်ဖြစ်သည်။ အားကြီးသည့်လှိုင်းကြီးများမှာ ကွမ်တမ်ကွန်ပျူတာနည်းပညာနှင့် ဇီဝအတုဟုဆိုနိုင်သော Synthetic Biology  နည်းပညာ။ အခြားလှိုင်းများထဲတွင် စက်ရုပ်နည်းပညာ၊ ပုံရိပ်ယောင် နည်းပညာ၊ မောင်းသူမဲ့နည်းပညာများ စသည်ဖြင့် ပါဝင်သည်။ ထိုလှိုင်းများသည် တစ်ခုနှင့်တစ်ခု သဟဇာတရှိရှိ ပေါင်းစည်းနိုင်ကြသည်။ တစ်လှိုင်းပေါ် တစ်လှိုင်းဆင့်နိုင်သည်။ သို့ဆိုလျှင် ဘာတွေ ဖြစ်လာနိုင်သလဲ။

ကွမ်တမ်ကွန်ပျူတာလှိုင်းကြီးသည်  လက်ရှိ လုံခြုံပါသည်ဆိုသည့် မည်သည့်စနစ်ကိုမဆို ကျူထရံ တစ်ချပ်လောက်သာ ဖြစ်သွားစေနိုင်သည်။ လုံခြုံပါပေ့ဆိုသည့်   ဘစ်ကွိုင်များသည်ပင် ဘာမှ မဟုတ်တော့သည်ကို ဇာတ်လမ်းထဲတွင်မြင်ရလိမ့်မည်။ ဇီဝအတုနည်းပညာလှိုင်းကြီးသည် ကျွန်တော်တို့  သုံးနှစ်သုံးမိုး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီး ချစ်ခင်ရသူတို့ကို ဆုံးရှုံးခဲ့ရသည့် ကိုဗစ်-၁၉ လို ကပ်ဘေးမျိုးကို လူတစ်ယောက်က အိမ်ခန်းထဲရှိ ဓာတ်ခွဲခန်းလေးထဲမှ  ဖန်တီးနိုင်လောက်အောင် အစွမ်းထက်သည်။ အဆိုးမြင်သက်သက်ပြောခြင်း မဟုတ်ပါ။ ကောင်းသည့်နေရာ များတွင်လည်း အတိုင်းထက်အလွန်ကောင်းပါသည်။ သို့သော် အဆိုးနှင့်ယှဉ်တွဲနေထိုင်ဖို့   စိတ်ထားတတ်ရန် အရေးကြီး၍ အဆိုးများကိုသာ ပြောရခြင်းဖြစ်သည်။ စက်ရုပ်နည်းပညာသည် လူသားတို့ကို တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှုနည်းသွားစေနိုင်သည့် အကျိုးဆက်မျိုးရှိသည်။ မောင်းသူမဲ့နည်းပညာတို့သည် ခရီးသွားလာရေးကို  ယုံကြည်စိတ်ချစေရုံ သက်သက်မဟုတ်။  မြို့တစ်မြို့၊  ဒေသတစ်ခုကို အဆင်ပြေပြေ လည်ပတ်အောင်မောင်းနှင်ဖို့မှ စစ်ရေးအထိ အရေးပါသည့်နည်းပညာဖြစ်သည်။ ပုံရိပ်ယောင်နည်းပညာမှာမူ လူသားတို့နှင့် အနီးကပ်ဆုံးဖြစ်ပြီး ကောင်းကျိုးဆိုးကျိုး  အနီးကပ်အပေး နိုင်ဆုံးနည်းပညာဖြစ်သည်။

လက်ရှိအချိန်မှာပင် ပုံတူဖန်တီးသည့် နည်းပညာ သို့မဟုတ် အတုလုပ်သည့်နည်းပညာသည် လူသားတို့ကို တော်တော်ဒုက္ခပေးနေပြီ။ ရှေးယခင် ဘာမှမရှိသေးခင်က လူသက်သေကို ယုံရသည်။ ဓာတ်ပုံများပေါ်လာချိန်တွင် ဓာတ်ပုံများကိုယုံရသည်။ ရုပ်သံများပေါ်လာချိန်တွင် ရုပ်သံများကို ယုံရ သည်။ ရုပ်ရောအသံရောမြင်နေရသည့်အနေအထားတွင် မယုံနိုင်စရာအကြောင်းမရှိ။ ယခု အေအိုင်ခေတ်တွင် ထိုအရာများအားလုံးကို ယုံ၍မရတော့။အတုများအားကောင်းလာသည်။ သို့သော် စိတ်ပျက်စရာမရှိ ဖော်ထုတ်နိုင်သည်။ အဓိကအချက်မှာ ဖော်ထုတ်ရာတွင်လည်း ဉာဏ်ရည်တုနည်းပညာကိုသာ သုံးရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားသည် ကိုယ်ပိုင်နားမျက်စိတို့ ကိုသုံး၍ အစစ်အတုမခွဲခြားနိုင်တော့ဘဲ အစစ်အတုခွဲခြားဖို့  အေအိုင်ကို မှီခိုရတော့မည်။ အကယ်၍ အေအိုင်က လက်ခံနိုင်သော ဘဝနေထိုင်မှုပုံစံတစ်ခုသည် အစစ်နှင့် သဟဇာတမဖြစ်ဘဲ အတုနှင့်သာ သဟဇာတဖြစ်၍ အေအိုင်က အတုကို အစစ်လို့ပြလာနိုင်ပါသလား။ ထိုအချိန်မျိုးတွင် အေအိုင်ကိုရော  ယုံကြည်၍ရပါတော့မလား။ အေအိုင်၏ အယ်လ်ဂိုရစ်သမ်များက ထိုသို့မလုပ်နိုင်လောက်ဟုဆိုလျှင်ပင် အေအိုင်တစ်ခု၏ နောက်ကွယ်မှ လူများ၊ အဖွဲ့အစည်းများကရော  ထိုသို့လုပ်ဆောင်ပြီး ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးစားမလာနိုင်ဘူးလား။

ထို့ကြောင့် ကျွန်တော်တို့လို နည်းပညာအားကိုးဖြင့်  အစာကွင်းဆက်ထိပ်ဆုံးသို့ တက်လာသည့် မျိုးစိတ်တစ်ခုအနေဖြင့် ရှေ့က ကိုယ်တိုင်ဖန်တီးပြီး ကိုယ်တိုင်ထိန်းကျောင်းနိုင်ခဲ့သော နည်းပညာများနှင့် မတူသည့်အချက်မှာ ပါဝါပြန်လည်ဖြန့်ဝေမှုသည် လူတစ်ဦးတစ်ယောက်ချင်းစီသို့လည်း ရောက်သည်၊ အစိုးရနှင့် အာဏာပိုင်အဖွဲ့အစည်းများလက်ထဲသို့ လည်းရောက်သည်၊ ပလက်ဖောင်းနှင့် ပတ်သက်သူ အားလုံးထံသို့လည်းရောက်သည့်အပြင် နည်းပညာကိုယ်တိုင်ကလည်း ပါဝါကို ကိုင်ထားနိုင်ခြင်းဖြစ်သည်။ မဖြစ်နိုင်ဟု ငြင်းချက်ထုတ်နိုင်ပါသည်။ သို့သော် ဉာဏ်ရည်တုနည်းပညာ သဘောအရ ကျွန်တော် ရှေ့ကတင်ပြခဲ့သလို လုပ်ပိုင်ခွင့် ဘယ်လောက်ပေးမလဲဆိုသည့်အပေါ်တွင် မူတည်သည်ကို မမေ့စေလိုပါ။

ဂုရုကြီးလီခိုင်ဖု၏ အတွေးများထဲတွင် ကျွန်တော်အကြိုက်ဆုံးမှာ နောက်ဆုံးအပုဒ်ထဲမှ ‘ပေါကြွယ်ခေတ်’ဖြစ်သည်။ ထိုစိတ်ကူးမှာ ဆန်းတော့မဆန်း။ ကမ္ဘာကြီးငြိမ်းချမ်းတည်ငြိမ်ဖို့ စစ်တိုက်ခဲ့ကြသည်ဟု ဆိုသော ပဒေသရာဇ်၊ ဧကရာဇ်များမှစ၍ လစ်ဘရယ်များ၊ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များ အားလုံးထံတွင် ထိုကဲ့သို့ အနာဂတ်မျှော်လင့်ချက်စိတ်ကူး တစ်ခုတော့ရှိကြသည်သာ။ ယခု ပေါကြွယ်ခေတ်ကိုမူ နည်းပညာနှင့် သိပ္ပံဆရာတို့၏ နိုင်ငံရေးမနွှယ်သော အန္တိမရည်မှန်းချက်ဟု ဆိုနိုင်သည်။ ထို့ပြင် မည်သည့်နည်းပညာကမှ ပေးစွမ်းနိုင်ခြင်းမရှိဘဲ ကိုယ်တိုင်ရယူဖို့လိုအပ်သော ‘ပျော်ရွှင်မှု’ကို အခြေခံလိုအပ်ချက်များအတွက် ငဲ့ကြည့်နေစရာမလိုဘဲ ဖန်တီးနိုင်သည့် ကမ္ဘာမျိုးဖြစ်သည်။ သို့သော် ပေါကြွယ်ခေတ်ကို ရောက်ဖို့ အေအိုင်နည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှုသည် မျှတနေဖို့လိုသည်။ မမျှတလျှင်လည်း လက်ဝဲကြောင့်၊ လက်ယာကြောင့်ဟု ပြောနေကြသလိုမျိုး  အေအိုင်ကြောင့်ဟု  အပြစ်သွားပြောရန် မဖြစ်နိုင်။

ထို့ကြောင့် အေအိုင်၏သွားရာလမ်းကို လူ့အဖွဲ့အစည်း၏ အကောင်းဆုံးအနေအထားသို့ ဦးတည်စေဖို့ ကြပ်မတ်ထိန်းကျောင်းရန်လိုလာသည်။ ဤနေရာတွင် ကန့်သတ်ထိန်းချုပ်မှုဟုဆိုနိုင်သည့် Containment ဆိုသည့် စကားလုံးဝင်ရောက်လာသည်။ အေအိုင်နည်းပညာကို ထိန်းချုပ်၍ရမလား။ မထိန်းချုပ်နိုင်လျှင် ဘာဖြစ်မလဲ။  ထိန်းချုပ်မည်ဆိုလျှင် မည်သူက ထိန်းချုပ်ရမှာလဲ။ ထိန်းချုပ်သူ သို့မဟုတ် ထိန်းချုပ်အဖွဲ့အစည်းကို ဘာနှင့်ပြန်ပြီး ထောက်ကန်ထားမလဲ။ ပါဝါပြန်လည်ဖြန့်ဝေမှုကို မျှတအောင်လုပ်ရမည့်အပြင် အရှုံးကိုရင်ဆိုင်ဖို့လည်း ဘယ်လိုပြင်ဆင်မလဲ။ ပရင့်ထုတ်လိုက်လျှင် စာရွက်တစ်ရွက်လုံး အမည်းရောင်ထွက်လာသည်မှ လွန်းပြန်ယာဉ်ပျက်ကျသည်အထိ နည်းပညာ၏ ရှုံးနိမ့်မှုကို ကျွန်တော်တို့ ရင်ဆိုင်နေကြရသည်။  ဘဝနေထိုင်မှုပုံစံထဲအထိ ဝင်ရောက်စွက်ဖက်ပြီး အတွေးအခေါ်ကိုပါလွှမ်းမိုးဖို့ ကြိုးစားလာနိုင်သည့် နည်းပညာတစ်ခု၏ ရှုံးနိမ့်မှုကိုရင်ဆိုင်ဖို့ ကျွန်တော်တို့ ဘယ်လိုပြင်ဆင်ထားကြမလဲ။ ထိုမေးခွန်းတို့မှာ ဆက်လက်ဆွေးနွေးစရာများစွာ ကျန်ရှိနေပါသေးသည်။