ရန်ကုန်     ဇူလိုင်    ၅

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏လမ်းညွှန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဝူရှူး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားလူငယ်များ ပိုမိုရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံ  ဝူရှူးအဖွဲ့ချုပ်အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့်  ရွေးကောက်ပွဲ ကျင်းပ သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  သင်္ဃန်းကျွန်းမြို့နယ်ရှိ Myanmar Sport Hotel ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးသစ္စာ(ခ) Mr. Li Bobo က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌများက ရွေးချယ်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး အထွေထွေအတွင်းရေးမှူး  ဒေါ်ဆွေဆွေသန့်က  မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်သမိုင်းကြောင်းနှင့် ၂၀၂၅/၂၀၂၆ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။

ယင်းနောက်  တက်ရောက်လာကြသည့် ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်များက ရွေးချယ်တင်မြှောက်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ  နှစ်ဦး၊  ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌ ခြောက်ဦး၊ အမှုဆောင် ၁၂ ဦး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦးနှင့် အထွေထွေအတွင်းရေးမှူးတစ်ဦး စုစုပေါင်း ၂၄ ဦးတို့ဖြင့် ရွေးကောက်ခံ၍ ပြန်လည်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။                                      

အာကာ