နေပြည်တော် ဇူလိုင် ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇူလိုင် ၄ ရက်က ဖလမ်း - ဟားခါး လမ်းပိုင်းအခြေအနေကို လှည့်လည်ကြည့်ရှုပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှု မရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်နှင့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့တို့ရှိ ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံး အဆောက်အအုံများ၊ ပရိဘောဂများ၊ စက်ပစ္စည်းများနှင့် ပြည်သူများ၏ အဆောက်အအုံများကို ပျက်စီးမှု အမျိုးအစားအလိုက် ဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နိုင်ငံတော်မှ ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်လျက် ရှိကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသတည်ငြိမ် အေးချမ်းရေးသည် အဓိကအရေးကြီးသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


