ရန်ကုန်    ဇူလိုင်    ၆

၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ပထမနေ့ကို ဇူလိုင် ၆ ရက်က ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရာသီအစ သုံးပွဲဆက်တိုက်အနိုင်ရရှိပြီး ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည့် နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး အား/ကာသိပ္ပံအသင်းက လေးပွဲဆက်အနိုင်ရလဒ်နှင့်အတူ ဇယား ထိပ်ဆုံးတွင် အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ယခုရာသီတွင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်လာနိုင်သည့် ဧရာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ကို ဆက်တိုက် အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၁၅ မိနစ်တွင် လင်းမြင့်မိုရ်၊ မိနစ် ၄၀ တွင် မီမီဇင်တို့က သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ဆုကို အား/ကာသိပ္ပံအသင်းမှ လင်းမြင့်မိုရ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက Young Lionesses အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် အသစ်ခေါ်ယူထားသည့် အာဖရိက ကစားသမားသုံးဦးကို ပွဲထွက်လူစာရင်းတွင် ပထမဆုံးအသုံးပြုခဲ့ပြီး နှစ်ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြတ်သားသည့် ရလဒ်ဖြင့် နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး Young Lionesses အသင်းမှာမူ ရှုံးပွဲနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ခုနစ်မိနစ်တွင် ဝင်းသူဇာအောင်၊ မိနစ် ၄၀ တွင် အိုဂါလာ၊ ၅၈ မိနစ်တွင် ဆာကီဝါ၊ ၉၀+၁ မိနစ်တွင် သော်တာနှင်းတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု  (AYA Pay player of the Match) ဆုကို ရှမ်းယူနိုက်တက်အသင်းမှ အိုဂါလာက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ်(၄)ဒုတိယနေ့ကို ဇူလိုင် ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌ ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                

သတင်း-ကိုညီလေး

ဓာတ်ပုံ-MWL