ကန်ပါလာ ဇူလိုင် ၇
ယူဂန်ဒါနိုင်ငံတွင် အီဘိုလာရောဂါကူးစက်မှုများအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒီနာ အက်ဝီနီက ဇူလိုင် ၅ ရက်တွင် ပြောကြားသည်။
အိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အီဘိုလာရောဂါကူးစက်မှုများ နိုင်ငံအတွင်းတွင် ပြီးခဲ့သည့် နှစ်လအတွင်းမှ စတင်၍ ပျံ့နှံ့လာခဲ့ပြီးနောက် ယခုကဲ့သို့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ရောဂါပိုးရှိသူ များနှင့် အနီးကပ်နေထိုင်ခဲ့သူများအား ရှာဖွေကုသခြင်းနှင့် အနီးကပ်စောင့်ကြည့်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ ယူဂန်ဒါအနေဖြင့် ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုကန့်သတ်ချက် ထုတ်ပြန်ထားရသည့် နိုင်ငံများကိုလည်း ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် အကူအညီများပေးနေကြောင်း သိရသည်။
ဇူလိုင် ၅ ရက်တွင် ယူဂန်ဒါနိုင်ငံမှ ဆေးကုသရေးဝန်ထမ်းများနှင့် လိုအပ်သည့် ဆေးဝါးအကူအညီများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
ယခုဆောင်ရွက်ချက်သည် နယ်စပ်ဖြတ်ကျော် အီဘိုလာရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


