ဖနောင်ပင် ဇူလိုင် ၇
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ မှတ်ပုံတင်ပြီးသည့် လျှပ်စစ်ကား ၁၄၀၅၆ စီး ရှိလာကြောင်း ပြည်သူ့ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖန်ရင်းက ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ခဲ့ပြီး လောင်စာဆီဈေးနှုန်းမြင့်တက်လာခဲ့သောကြောင့် နိုင်ငံအတွင်း မတ်လမှစတင်၍ လျှပ်စစ်ကား မှတ်ပုံတင်ခြင်းများ သိသိသာသာမြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ယခုနှစ် မတ်လမှ မေလအတွင်း နိုင်ငံ၌ လျှပ်စစ်ကားစီးရေ ၃၆၉၃ စီးကို မှတ်ပုံတင်ခဲ့ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။ နိုင်ငံ၌ မေလအတွင်း လျှပ်စစ်ဆိုင်ကယ် ၄၂၃၂ စီးနှင့် သုံးဘီးယာဉ် ၇၄၁ စီးကို မှတ်ပုံတင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
လျှပ်စစ်ကားများကြောင့် လောင်စာဆီဆိုင်ရာကုန်ကျစရိတ်ကင်းလွတ်ပြီး လေထုညစ်ညမ်းမှုကင်းစင်စေကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း လူကြိုက်များသည့် လျှပ်စစ်ကား အမှတ်တံဆိပ်များမှာ GAC, BYD နှင့် TOYOTA တို့ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် နိုင်ငံသားများအနေဖြင့် လျှပ်စစ်ကားများကို ပြောင်းလဲသုံးစွဲလာကြောင်း ကမ္ဘောဒီးယားနည်းပညာနှင့်သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံ လေ့လာရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး သောင်မန်ဒါဗတ်က ပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


