ရန်ကုန် ဇူလိုင် ၉

 

ရန်ကုန်မြို့ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ၌ အကြိမ်(၄၀)မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အသက်(၄၈)နှစ်ရှိ အသည်းလူနာအမျိုးသားနှင့် အသက် (၂၅) နှစ်ရှိ အသည်းအလှူရှင်အမျိုးသမီး တူအရီးတို့ကို ဇူလိုင် ၃ ရက်က ခွဲစိတ်ကုသဆောင်ရွက်ခဲ့ပြီး လူနာနှင့် အသည်းအလှူရှင် နှစ်ဦးတို့အား အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သော ပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ပူးပေါင်းဆောင်ရွက်

 

အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကိုပြည်သူ့ဆေးရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ပါမောက္ခ/ဌာနကြီးမှူး (ဆေးလက်တွေ့) ပါမောက္ခဒေါက်တာ မင်းဇော်ဦး ဦးဆောင်သောအဖွဲ့၊ ပါမောက္ခဒေါက်တာ စိုင်းအောင်ညွန့်ဦး ဦးဆောင်သော အသည်းခွဲစိတ်ကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ ဦးဆောင်သော အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အငြိမ်းစား ပါမောက္ခကြီးများဖြစ်သော ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ ပါမောက္ခဒေါက်တာမူမူနိုင်နှင့် ပါမောက္ခ/ ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာဖုန်းမြင့် ဦးဆောင်သောမေ့ဆေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော်ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခဒေါက်တာစောဝတ်မှုန် ဦးဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာ အောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားသွေးဌာန ပါမောက္ခဒေါက်တာဆွေဇင်မြင့် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မြို့မှ ဆေးရုံအုပ်ကြီးဒေါက်တာ အိသန္တာထွေးနှင့် စီမံခန့်ခွဲမှုအဖွဲ့များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ Seoul National University Hospital မှ Professor Kwang Woong Lee ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ၂၀၀၄ ခုနှစ်မှစတင်၍ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၌ (၂)တွဲ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ ယခု ဆောင်ရွက်သည့် ခွဲစိတ်ကုသမှုအပါအဝင် (၃၈)တွဲ၊ စုစုပေါင်း ၄၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခုကဲ့သို့ ပြည်သူများလိုအပ်သော ခေတ်မီကုသမှုများကို ပြည်တွင်း၌ပင် လက်လှမ်းမီရရှိကာ ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ကျန်းမာရေးအသုံးစရိတ် သက်သာစေရေးအတွက် အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်