အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်းသည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
ဆရာမကြီး ဒေါက်တာမတင်ဝင်းကို အဘ ဦးဘဌေး၊ အမိ ဒေါ်ရင်တို့က ၁၉၄၀ ပြည့်နှစ်တွင် မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ မွေးဖွားခဲ့သည်။
ဆရာမကြီးသည် ၁၉၅၆ ခုနှစ်တွင် ရေနံချောင်းမြို့ အထက (၁) မှ တက္ကသိုလ်ဝင်တန်း၊ ၁၉၅၈ ခုနှစ်တွင် မကွေးဥပစာကောလိပ်မှ ဥပစာတန်းတို့ အောင်မြင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မဟာပညာရေးဌာနမှ ပညာရေးဝိဇ္ဇာဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပြီး ထိုနှစ်တွင်ပင် ရေနံချောင်းမြို့ အထက (၁) တွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံသို့ ပညာသင်အဖြစ် သွားရောက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် သင်ပြနည်းပညာ (သမိုင်းအထူးပြု) ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ပညာရေးတက္ကသိုလ်တွင် သင်ပြနည်းပညာဌာန၊ ပါမောက္ခအထိ တာဝန်များထမ်းဆောင်ခဲ့သည်။
၁၉၆၈ ခုနှစ်တွင် ပညာတန်ဆောင်မဂ္ဂဇင်း၌ ပညာရေးဆိုင်ရာဆောင်းပါးများ စတင်ရေးသားခဲ့ပြီး ၁၉၈၄ ခုနှစ်ထုတ် “သောင်းပြောင်းထွေလာ” မဂ္ဂဇင်းမှစ၍ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ပထမဆုံးပုံနှိပ်စာအုပ်မှာ ၁၉၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “ရာဇဝင်ထဲက မိန်းမသား” စာအုပ်ဖြစ်သည်။
ထုတ်ဝေခဲ့သော စာအုပ်များအနက် ၂၀၀၁ ခုနှစ်တွင် “ကုန်းဘောင်ကိုဆန်၍” စာအုပ်ဖြင့် အမျိုးသားစာပေ (နိုင်ငံရေး) ဆု၊ ၂၀၀၃ ခုနှစ်တွင် “အာရှနိုင်ငံများကို ဖဲ့ယူသိမ်းပိုက်ခဲ့ကြသည့် နယ်ချဲ့များ” စာအုပ်ဖြင့် အမျိုးသားစာပေ (နိုင်ငံရေး) ဆု၊ ၂၀၀၄ ခုနှစ်တွင် “မင်းယောက်ျားတို့၏ စကားရာဇဝင်” စာအုပ်ဖြင့် အမျိုးသားစာပေ (စာပဒေသာ) ဆု၊ ၂၀၀၈ ခုနှစ်တွင် “စစ်မီးမငြိမ်း မြက်မစိမ်းနိုင်သည့်မြေ” စာအုပ်ဖြင့် သုတစွယ်စုံစာပေဆုတို့ကို ရရှိခဲ့သည်။ ၂ဝ၂၁ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် အလင်္ကာကျော်စွာဘွဲ့နှင့် စည်သူဘွဲ့ (၂၀၂၅) ရရှိခဲ့သည်။ စာရေးသက် အနှစ် ၃၀ ကျော်အတွင်း ပညာရေးဆောင်းပါးများစွာ ရေးသားခဲ့ပြီး လုံးချင်းစာအုပ် ၁၁၁ အုပ်ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ဆရာမကြီးသည် ကွယ်လွန်ချိန်တွင် အသက် (၈၇) နှစ်ရှိပြီဖြစ်သည်။ ဆရာမကြီး ကွယ်လွန်သွားခြင်းသည် မိသားစုဝင်များ၊ စာပေမိတ်ဆွေများနှင့် မြန်မာစာပေလောကအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။
ကြေးမုံ


