နေပြည်တော် ဇူလိုင် ၁၀
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၄ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်နွယ်နွယ်ဦး၏ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း အမျိုးသားအားကစားအဆင့်အတန်း မြှင့်တင်ရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၂၀x၉၀x၃၆) ပေ အတိုင်းအတာရှိသော (က) အဆင့် အားကစားရုံတည်ဆောက်ပေးရန်၊ ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေမည့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန်နှင့် မြို့နယ်တင်းနစ် ကွင်းဘေးပတ်ပတ်လည်ကို ခြံစည်းရိုးအုတ်တံတိုင်း ကာရံပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက သာပေါင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြုခြောက်ဦး၊ ခန့်ထားခြောက်ဦးရှိပြီး ဝန်ထမ်းအိမ်ရာမရရှိသော ဝန်ထမ်းများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း လစဉ်နိုင်ငံတော်ဘဏ္ဍာငွေမှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအတွက် သုံးခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ပေးမည်ဆိုပါကလည်း လုံလောက်သည့်မြေနေရာရှိပါကြောင်း။
သာပေါင်းမြို့နယ်တွင် အားကစားရုံ (အလျား ပေ ၁၂၀ ၊ အနံ ပေ ၉၀) တည်ဆောက်ရန်အတွက် ငွေကျပ် ၂၅၉၂ သန်း၊ လေးခန်းတွဲဝန်ထမ်းအိမ်ရာ (အလျား ပေ ၈၀ ၊ အနံ ၄၅ ပေ) တည်ဆောက်ရန်အတွက် ငွေကျပ် ၄၃၂ သန်း၊ တင်းနစ်အားကစား ကွင်း ပတ်လည်ပေ ၄၀၀ အုတ်တံတိုင်းကာရံခြင်းအတွက် ငွေကျပ် ၅၆ သန်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျ စရိတ် ငွေကျပ် သန်း ၃၀၈၀ ကုန်ကျမည်ဖြစ်ပါကြောင်း။
သာပေါင်းမြို့နယ်တွင် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားရုံဆောက်လုပ်ခြင်း၊ တင်းနစ်အားကစားကွင်းပတ်လည် ပေ ၄၀၀ အုတ်တံတိုင်းကာရံခြင်းနှင့် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် သန်း ၃၀၈၀ အား နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးထွန်းအောင်ဝင်း၏ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်သည် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၈ ရက်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ထီးချိုင့်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင် ခုနစ်ဆောင် စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပါသဖြင့် အလျင်အမြန်ပြုပြင်ပေးရန် လိုအပ်နေပါသောကြောင့် အစိုးရအနေဖြင့် အကြီးစားပြုပြင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ပြုပြင်ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင် ခုနစ်ဆောင်ရှိပါကြောင်း၊ အကြမ်းဖက်များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုအခြေအနေကို သက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းဆောင် ခုနစ်ဆောင်အနက် နဝဒေးဆောင် (စာကြည့်တိုက်)၊ သိပ္ပံဆောင်၊ မြဝတီဆောင်၊ ရွှေရတုဆောင်၊ မိုးနတ်ရှင်ဆောင်တို့မှာ ငွေကျပ်သန်း ၂၀ အောက် အသေးစားပြင်ဆင်ရန်လိုအပ်ပြီး လက်ဝဲသုန္ဒရဆောင်အား ငွေကျပ်သန်း ၂၀ အထက် အကြီးစားပြုပြင်ရန်နှင့် မန်လည်ဆောင်မှာ လုံးဝပျက်စီးသွားသဖြင့် ဖျက်သိမ်းပြီး အဆိုပါနေရာတွင် အသစ်ဆောက်လုပ်ရန် လိုအပ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
အသေးစားပြင်ဆင်ရန်လိုအပ်သော ကျောင်းဆောင် ငါးဆောင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အကြီးစားပြင်ဆင်ရမည့် လက်ဝဲသုန္ဒရဆောင်နှင့် ဖျက်သိမ်းဆောက်လုပ်ရမည့် မန်လည်ဆောင်အစား ပေ (၁၄၀ x ၃၀) RCC နှစ်ထပ် အသစ်ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ် ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် (၁၃၀x၃၀x၂၄) ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်၊ ကဘင်းချောင်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် (၁၃၀x၃၀x ၂၄) ပေ RCC နှစ်ထပ်ကျောင်း ဆောင်သစ် တစ်ဆောင်၊ မိုင်းသွေးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x ၃၀ x ၁၂)ပေ RCC တစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်တို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးတွင် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးတွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေတွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း နှစ်ခု၊ သိပ္ပံဆောင်များ ဆောက်လုပ်ခြင်းလုပ်ငန်း သုံးခု၊ စာကြည့်တိုက်များအသစ် ဆောက်လုပ်ခြင်းလုပ်ငန်း လေးခု၊ စုစုပေါင်းလုပ်ငန်းကိုးခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၈၃၀ ပါဝင်ပါကြောင်း။
ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် (ပေ ၁၂၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း တစ်ထပ်ဆောင် သုံးဆောင်၊ စာသင်ခန်း ၁၂ ခန်းရှိပြီး ကျောင်းသားဦးရေ ၄၈၅ ဦးရှိသဖြင့် ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ လုံလောက်မှုရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်း၊ ဆရာ ဆရာမ နားနေခန်း၊ စာကြည့်တိုက်၊ Multi-mediaခန်း၊ သိပ္ပံခန်းနှင့် ထပ်မံတိုးတက်လာမည့် စာသင်ခန်းများအတွက် (ပေ ၁၃၀ x ပေ ၃၀) RCC နှစ်ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှု ရှိပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်တွင် မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကဘင်းချောင်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (ပေ ၉၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း တစ်ထပ်၊ (ပေ ၃၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း တစ်ထပ်၊ (ပေ ၁၂၀ x ပေ ၃ဝ) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း (၁) ထပ်၊ (ပေ ၉၀ x ပေ ၃၀) RCC တစ်ထပ်၊ စုစုပေါင်း ကျောင်းဆောင် လေးဆောင်၊ စာသင်ခန်းကိုးခန်းရှိပြီး ကျောင်းသားဦးရေ ၄၁၉ ဦးရှိသဖြင့် ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ လိုအပ်သော စာသင်ခန်းနှစ်ခန်းနှင့် ကျောင်းအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်း၊ ဆရာ ဆရာမ နားနေခန်း၊ စာကြည့်တိုက်၊ Multimedia ခန်း၊ သိပ္ပံခန်းများအတွက် (ပေ ၁၃၀ x ပေ ၃၀) RCC နှစ်ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိပါ သဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်တွင် မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိုင်းသွေး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် (၇၅ ပေ x ပေ ၃၀)အုတ်ကြွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၁၀ ခန်းရှိပြီး တစ်ထပ်ဆောင် နှစ်ဆောင်၊ (ပေ ၆၀ x ပေ ၃၀) RCC တစ်ထပ်၊ (ပေ ၉၀ x ပေ ၃၀) RCC တစ်ထပ်၊ စုစုပေါင်းကျောင်းဆောင် လေးဆောင် စာသင်ခန်း ကျောင်းသားဦးရေ ၃၄၆ ဦးရှိသဖြင့် ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ လုံလောက်မှု ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်း၊ ဆရာ ဆရာမနားနေခန်း၊ စာကြည့်တိုက်၊ Multimedia ခန်း၊ သိပ္ပံခန်းများအတွက် (ပေ ၁၂၀ x ပေ ၃၀) RCC တစ်ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်တွင် မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်စွာ အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်ကျင်သိန်းက ပြည်သူတိုင်းသည် မိမိတို့၏ ဝန်ထမ်းရာထူးအဆင့်အလိုက်၊ စီးပွားရေးပမာဏ အကြီးအငယ်အလိုက် သင့်တင့်မျှတသောအခွန်များကို မဖြစ်မနေ ပေးဆောင်ရမည့် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ပေးဆောင်လာသည့် အခွန်ငွေများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အခွန်သည် နိုင်ငံတော်၏ ဘဏ္ဍာအင်အားဖြစ်ပြီး အခွန်များ မှန်မှန်ကန်ကန်ရရှိပါက ပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည့်စုံစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်များ မှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေးအတွက် အဂတိကင်းရှင်းရန် လိုအပ်ပါကြောင်း။
အဂတိတရားတိုက်ဖျက်ရေးသည် ပြစ်ဒဏ်ပေးရုံဖြင့် မလုံလောက်ဘဲ ကာကွယ်ရေး၊ ပညာပေးရေး၊ နည်းပညာအသုံးချရေးနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ အဂတိတရား လျော့နည်းလာသည်နှင့် အမျှအခွန်ငွေတိုးတက်လာပြီး နိုင်ငံတော်ဘဏ္ဍာငွေ သည်လည်း ပိုမိုခိုင်မာလာမည် ဖြစ်ပါကြောင်း၊ ထို့ပြင်ပြည်သူ့ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် အမှန်တကယ် သန့်ရှင်းသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်မည်ဆိုပါက အဂတိကင်းစွာ ဆောင်ရွက်နိုင်ရေးသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် အဆိုအား ထောက်ခံပါကြောင်းဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးအောင်ကျော်မင်းက နိုင်ငံသားများ အခွန်တိမ်းရှောင်ခြင်းသည် ပေးဆောင်ရသည့် အခွန်နှုန်းထားများ ပမာဏများနေသည်ဟု ထင်မြင်ယူဆကြသည့်အတွက်ဖြစ်ပါကြောင်း၊ ထို့ကြောင့်အခွန်ထမ်းများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် နှုန်းထားဖြင့်ကောက်ခံပြီး ပေးဆောင် သင့်သည့် အခွန်နှုန်းထားအကြောင်း ပညာပေးစည်းရုံးမှုများ လုပ်ဆောင်ပါက နိုင်ငံတော်အတွက် အခွန်ဝင်ငွေသည် သိသိသာသာ တိုးပွားလာမည် ဖြစ်ပါကြောင်း၊ ကျင့်သုံးနေသည့်မူဝါဒများ၊ စနစ်များ၏ လစ်ဟာကွက်များကို ပြုပြင်မည်ဆိုပါက အဂတိလိုက်စားမှုများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် E-Government စနစ်ကို အရှိန်မြှင့်တည်ဆောက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ E-Government စနစ် ပီပီပြင်ပြင်ကျင့်သုံးလာနိုင်မည်ဆိုပါက နိုင်ငံတော်ရန်ပုံငွေများသည်လည်း လေလွင့်ဆုံးရှုံးမှုများ လျော့နည်းသွားပြီး အဂတိကင်းစင်သော အစိုးရယန္တရားတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် အခွန်နှုန်းထားမျိုးနှင့် အခွန်အခြေချဲ့ထွင်ပြီး ကောက်ခံခြင်း၊ အခွန်ထမ်းပြည်သူများကို နားလည်သဘောပေါက်လာအောင် ပညာပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါက နိုင်ငံတော်အတွက် အခွန်ဝင်ငွေများ သိသိသာသာတိုးမြှင့်ရရှိပြီး အဂတိလိုက်စားမှုများ သိသိသာသာ လျော့နည်းသွားမည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးကျော်ဇင်ထွန်းက လက်ရှိမြန်မာနိုင်ငံတွင် စည်းကြပ်ကောက်ခံလျက်ရှိသော ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် စားသုံးမှု၊ ဝင်ငွေခွန်နှင့် ပိုင်ဆိုင်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံပိုင်သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲမှုတို့အပေါ်ကောက်ခံသောအခွန်များသည် အဂတိသက်ရောက်မှုကို အထူးခံစားရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုကဏ္ဍများအပေါ် Large Taxpayer office (LTO)များ ထူထောင်ခြင်း၊ ဒီဂျစ်တယ်အခွန်စနစ်များ အသုံးပြုခြင်း၊ အခွန်အခြေခံ(Tax Base)ကိုချဲ့ထွင်၍ အလွတ်သဘောစီးပွားရေးလုပ်ငန်းများကို တရားဝင်စနစ်အတွင်း ထည့်သွင်းခြင်း၊ အစိုးရဌာနများအကြား အချက်အလက်ချိတ်ဆက်မှုနှင့် One Stop Service စနစ်များကို အကောင်အထည်ဖော်ခြင်း၊ အဂတိတိုက်ဖျက်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ပွင့်လင်းမြင်သာရေးနှင့် လွတ်လပ်သော စောင့်ကြည့်ကြီးကြပ်ရေးယန္တရားများကို အားကောင်းစေရန် ဆောင်ရွက်ပါက အခွန်များ ပိုမိုရရှိလာပြီး အဂတိများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း။
အခွန်ကောက်ခံမှုကို အဂတိကင်းစင်စွာ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးတရားမျှတစွာယှဉ်ပြိုင်နိုင်မည့် ဈေးကွက်စီးပွားရေးစနစ်စစ်စစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိကင်းစင်မှသာ ကောက်ခံရရှိသော အခွန်ငွေများသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွင်းသို့ အပြည့်အဝစီးဝင်မည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်ရေးတွင်လည်း ဘတ်ဂျက်သုံးစွဲမှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ ဂုဏ်ယူဝမ်းမြောက်စွာ အခွန်ပေးဆောင်နိုင်ရေးနှင့် အစိုးရဌာနများတွင် အဂတိကင်းစင်ရေးအဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၈) ဦးတင်မောင်ဝင်းက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာငွေသည် နိုင်ငံတော်၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ ထိုဘဏ္ဍာငွေရှာဖွေပေးသည့် မဏ္ဍိုင်သည် အခွန်စနစ်ဖြစ်ပြီး ရရှိလာသည့် အခွန်ဘဏ္ဍာငွေများကို ယိုဖိတ်မှုမရှိအောင် ကာကွယ်ပေးသည့် မဏ္ဍိုင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးပင် ဖြစ်ပါကြောင်း၊ ထိုမဏ္ဍိုင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး နိုင်ငံတော်၏ အနာဂတ်အတွက် ယခုအဆိုသည် အလွန်ထိရောက်သည့် အဆိုတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် အခွန်တွက်ချက်ခြင်း၊ တင်ပြခြင်းနှင့် အခွန်ပေးဆောင်ခြင်း လုပ်ငန်းစဉ် အားလုံးကို Online မှ ဆောင်ရွက်ပြီး အခွန်ဆောင်နိုင်အောင် Digital Tax System ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် အကြံပြုလိုပါကြောင်း။
အစိုးရဌာနတစ်ခုချင်းစီ၏ ဝန်ဆောင်မှုများသည် Standard Operating Procedure (SOP) ဟုခေါ်သည့် စံလုပ်ထုံးလုပ်နည်းများကို တိတိကျကျသတ်မှတ်ပြီး ပြည်သူများမြင်သာသည့် နေရာများ၊ Website များတွင် ချပြထားရန် အကြံပြုလိုပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အခွန်စနစ် သန့်ရှင်းခိုင်မာပြီး အစိုးရယန္တရား အဂတိကင်းစင်မှသာ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိမည်ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးသည်လည်း ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ လုပ်ထုံးလုပ်နည်းများ ပွင့်လင်းမြင်သာအောင် ပြင်ဆင်ခြင်းနှင့် ထိရောက်သော အစီအမံများချမှတ်ခြင်းတို့ဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် အဆိုအား ထောက်ခံဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးစောသွင်က နိုင်ငံရေးအရ အဂတိကင်းစင်ခြင်းသည် နိုင်ငံတော်တည်ငြိမ်မှုနှင့် အစိုးရတစ်ရပ်၏ တရားဝင်မှုအတွက် အသက်သွေးကြောဖြစ်ပါကြောင်း၊ စီးပွားရေးအမြင်အရ အခွန်သည် ကောက်ခံခြင်းတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံ၏စီးပွားရေး၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ တရားမျှတမှုနှင့် ပြည်သူဘဝ အရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်ပေးနေသော အရေးပါသည့် စီးပွားရေးမူဝါဒ ကိရိယာဖြစ်ပါကြောင်း၊ အဂတိကင်းစင်ခြင်းသည် နိုင်ငံတော်ဓနဥစ္စာ တိုးတက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ လူမှုရေးအမြင်အရ အခွန်သည် ငွေကောက်ခံခြင်းမျှသာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အကျိုးစီးပွားကို လူမှုရင်းနှီး မြှုပ်နှံမှုဖြစ်ပါကြောင်း၊ အခွန်ကို မျှတစွာကောက်ခံပြီး ပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်ပါက လူမှုဖူလုံရေး၊ လူမှုတရားမျှတရေးနှင့် ရေရှည်တိုးတက်ရေးတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားစိတ်ဓာတ်နှင့် လူမှုတာဝန်ယူမှုကို မြှင့်တင်ပေးသည်ဟု သုံးသပ်ရပါကြောင်း။
စည်းရုံးရေးအမြင်အရ အခွန်ကို မျှတစွာကောက်ခံပြီး ပွင့်လင်းမြင်သာစွာ အသုံးပြုပါက ပြည်သူများအကြား ယုံကြည်မှုတိုးပွားလာပြီး လူမှု စည်းလုံးညီညွတ်မှုကို အားကောင်းစေပါကြောင်း၊ ပြည်သူများ အခွန်၏အရေးပါမှုကို နားလည်စေပြီး ဥပဒေနှင့်အညီ မိမိဆန္ဒအလျောက် အခွန်ပေးဆောင်လာစေရန် အသိပညာပေးခြင်း၊ ယုံကြည်မှုတည်ဆောက် ခြင်းနှင့် ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ အခွန်စနစ်သည် ဒီဂျစ်တယ်နည်းပညာ အချက်အလက်အခြေပြု စီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အသုံးပြု၍ ပိုမိုထိရောက်လာစေရန် တိုးတက်ပြောင်းလဲသင့်ပြီဟု ရှုမြင်သုံးသပ်ရပါကြောင်း၊ ထို့ကြောင့် ယခုအဆိုသည် ကာလ၊ ဒေသ၊ ပယောဂကို လိုက်နာ၍ အမှန်တကယ် ဆောင်ရွက်သင့်ပါကြောင်းနှင့် အကျိုးတရားတစ်ခု ဖြစ်ထွန်းရန်အတွက် အကြောင်းတရားပေါင်းများစွာ ပေါင်းစည်းရန် လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးဇော်ဇော်မြင့်က နိုင်ငံအလိုက် အခွန်စနစ်များအတွင်း နည်းမျိုးစုံဖြင့် အခွန်ရှောင်တိမ်းမှုများ၊ အဂတိလိုက်စားမှုများ ပေါ်ပေါက်နေသည့်အတွက် ဒီဂျစ်တယ်စနစ်အား အပြည့်အဝ အသုံးချခြင်းနှင့် Fully Digitalized နှင့် ထိန်းကျောင်းစောင့်ကြည့်ခြင်း (Control & Monitoring) စနစ်တို့သည် အရေးပါလာပြီး ကမ္ဘာတစ်ဝန်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သီးသန့်ဖွဲ့စည်းပြီး E-Government System အကောင်အထည်ဖော်မည့် အလားအလာများ မြင်တွေ့နေရသဖြင့် ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ အခွန်တိုးမြှင့်ရရှိရေးနှင့် အခွန်ပြည့်ဝစွာရရှိရေးအတွက် လူကိုထိန်းကျောင်းနိုင်မည့် စနစ်ကောင်းရွေးချယ်ကျင့်သုံးရာ၌ AI Software အခြေပြု Digital Online စနစ်သည်သာ အကောင်းဆုံးဖြစ်နေသည့်အတွက် ၎င်းစနစ်ကို ကျင့်သုံးနိုင်ရန် အခြေခံသည့် လျှပ်စစ်မီးပုံမှန်ရရှိရေးနှင့် အင်တာနက်လိုင်း ကောင်းမွန်ရေးတို့ဖြစ်ပါကြောင်း။
လက်ရှိကာလတွင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့တော်များ၊ နယ်စပ်ကုန်သွယ်ရေးမြို့များ၊ စီးပွားကုန်သွယ်မှုမြင့်မားသည့်မြို့များနှင့် စက်မှုဇုန်များအပေါ် လျှပ်စစ်နှင့် အင်တာနက်လိုင်းကို ဦးစားပေး၍ Digital Online အခွန်စနစ်အား တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး အဂတိလိုက်စားမှုများအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းဖြင့် အမျိုးသားအကျိုးစီးပွားအတွက် ရလဒ်ကောင်းများ မလွဲမသွေ ရရှိခံစားကြရမည်ကို ယုံကြည်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဒေါ်ကျော့ယဉ်ဝင်းက နိုင်ငံ၏ အခွန်ရငွေလျော့နည်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မှတ်ပုံတင်မထားသော စီးပွားရေးလုပ်ငန်းများ (Informal Economy) များပြားနေခြင်း၊ အခွန်ရှောင်လွှဲခြင်း၊ အဂတိလိုက်စားမှု၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်း၊ ဒီဂျစ်တယ်အခွန်စနစ်အားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှု၊ အသိပညာပေးမှုနှင့် အခွန်ထမ်းများ၏ အသိပညာ၊ အခွန်ပေးလိုစိတ် နည်းပါးခြင်းနှင့် မှောင်ခိုကုန်သွယ်မှုတို့ကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်စနစ်ကို ခေတ်မီအောင်ပြုပြင်ခြင်း၊ ပွင့်လင်းမြင်သာမှုတိုးမြှင့်ခြင်း၊ ဥပဒေစိုးမိုးမှု အားကောင်းစေခြင်းနှင့် ပြည်သူများအား အခွန်လိုက်နာမှု မြှင့်တင်ခြင်းတို့သည် နိုင်ငံတော်၏ဘဏ္ဍာရေး တည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မူဝါဒဦးတည်ချက်များ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ပြည်သူများအခွန်ကို မိမိဆန္ဒအလျောက် လိုလိုလားလား ပေးဆောင်လာစေရန် အတင်းအကျပ်ကောက်ခံခြင်းထက် အခွန်ဆိုင်ရာ ယုံကြည်မှုကို တည်ဆောက်ပေးရန် အရေးကြီးပါကြောင်း၊ အစိုးရအနေဖြင့် အခွန်နှင့် ပတ်သက်၍ စည်းရုံးဆောင်ရွက်ရာတွင် အခွန်၏ အကျိုးကျေးဇူးများကို အသိပညာပေးရန် လိုအပ်ပါကြောင်း၊ အခွန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည်ကို ရှင်းလင်းဖော်ပြသင့်ပါကြောင်း၊ ကျောင်းပညာရေးတွင် ကျောင်းသား ကျောင်းသူများကို နိုင်ငံသားတာဝန်နှင့် အခွန်ပေးဆောင်မှု၏ အရေးပါမှုကို သင်ကြားပေးရန်၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်းခြင်းတို့လည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပြည်သူများကို အခွန်ပေးဆောင်စေရန် အပြစ်ပေးခြင်းထက် ယုံကြည်မှုတည်ဆောက်ခြင်း၊ အသိပညာပေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အခွန်ပေးဆောင်ရ လွယ်ကူစေခြင်းတို့သည် ပိုမိုရေရှည်တည်တံ့ပြီး ထိရောက်သော နည်းလမ်းများ ဖြစ်ပါကြောင်း၊ အခွန်ပေးဆောင်သူများက ၎င်းတို့ ပေးဆောင်သည့် အခွန်သည် ပြည်သူ့အကျိုးစီးပွားအတွက် အမှန်တကယ်အသုံးပြုနေသည်ဟု ယုံကြည်လာချိန်တွင် အခွန်လိုက်နာမှု (Tax Compliance) သည် သဘာဝအတိုင်း မြင့်တက်လာမည် ဖြစ်ပါကြောင်း၊ “အခွန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်စို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ အခွန်အားလုံး ပေးဆောင်စို့” ဆိုသည့်အတိုင်း နိုင်ငံသားတိုင်း အခွန်နှင့်ပတ်သက်၍ ဤစည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်လာမည်ဟု ယုံကြည်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဒေါက်တာခိုင်ခိုင်ဆုက အခွန်ကောက်ခံမှုသည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုသာမဟုတ်ဘဲ အုပ်ချုပ်မှုစနစ်၏ ဖြောင့်မတ်တည်ကြည်မှုနှင့် နိုင်ငံတော်နှင့် ပြည်သူအကြား ယုံကြည်မှုအခြေခံအချက်များကို ပုံဖော်ပေးသည့် နိုင်ငံရေးဆိုင်ရာကိရိယာ (political instrument) တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သည် လက်ရှိအခွန်အမျိုးအစား ပုံစံအမျိုးမျိုးကို လျှော့ချပြီးအဓိက အခွန်အမျိုးအစားများခြုံ၍ ပေါင်းစည်းသတ်မှတ်သင့်ပါကြောင်း၊ ထို့ပြင် အခွန်ကင်းလွတ်ခွင့်ရသူများကို အနည်းဆုံးအထိ လျှော့ချပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်၍ စနစ်ရှုပ်ထွေးမှု၊ ဥပဒေကွက်လပ်များနှင့် မသမာသော အကျိုးအမြတ်ရှာဖွေမှုများကို ဖယ်ရှားရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်သည် အခွန်ထမ်းအားလုံးအတွက် အီလက်ထရွန်နစ်စနစ်ဖြင့် အခွန်တင်သွင်းခြင်းနှင့် ဒီဂျစ်တယ်ငွေပေးချေမှုများကို မဖြစ်မနေ ဆောင်ရွက်စေသင့်ပါကြောင်း၊ ငွေသားဖြင့် ငွေပေးချေမှုများကိုဖယ်ရှား၍ ပြည်သူနှင့်အစိုးရဝန်ထမ်း တိုက်ရိုက်ထိတွေ့ရသည့် အခွင့်အလမ်းများကို လျှော့ချကာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေခံအဆောက်အအုံကို ခေတ်မီအောင် အမြန်ဆုံး ပြန်လည်တည်ဆောက်သင့်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC)အား အဂတိလိုက်စားမှုအမှုများကို အခြားအဖွဲ့အစည်း၏ လွှဲပြောင်းမှုမလိုဘဲ တိုက်ရိုက်လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သော အခွင့်အာဏာကို နိုင်ငံတော်မှပေးအပ်ရန် လိုအပ်သကဲ့သို့ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးသင့်ပါကြောင်း။
အခွန်စနစ်ကို ရိုးရှင်းအောင် ပြုပြင်ခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ပိုင်ခွင့်များကို အားကောင်းစေခြင်း၊ Corruption Prevention Unit များကို တိုးချဲ့ဖွဲ့စည်းခြင်း၊ လစာစနစ်ကို ပြုပြင်ပြောင်းလဲခြင်းနှင့် အခွန်ဝင်ငွေကို ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့် တိုက်ရိုက် ချိတ်ဆက်ခြင်းတို့ဖြင့် နိုင်ငံတော်၏အခွန်ရရှိမှုများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုကို ဖယ်ရှားနိုင်ပြီး ပြည်သူတို့၏ ဆန္ဒနှင့်နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ရပ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည့် ၁၆ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဇူလိုင် ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


