အောင်မင်း (ကျန်းမာပညာ)
လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းဝေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက အစဉ်အဆက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရမည့်အခြေအနေ၊ အချိန်အခါကို ရောက်ရှိနေပြီဖြစ်ပါသည်။
ယခင်က ကူးစက်ရောဂါများ၏ဒဏ်ကိုသာ ခံစားခဲ့ရသော ပြည်သူများသည် မှားယွင်းစွာ ကျင့်သုံးနေထိုင်ခဲ့သည့် မကျန်းမာသောလူနေမှု ပုံစံများ(Unhealthy Life Style) ကြောင့် မကူးစက်နိုင်သောရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကိုလည်း တစ်နေ့တခြား ပို၍ပို၍ ခံစားလာနေရပါ သည်။
မကူးစက်နိုင်သောရောဂါများ (Non Communicable Diseases NCDs) ဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းမှ မဟုတ်ဘဲ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများ စားသောက်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် လူနေမှုဘဝနေထိုင်မှုပုံစံများတွင် ကြာရှည်စွာစားသောက်နေထိုင်၊ ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေး (သို့မဟုတ်) ကျန်းမာရေးပြဿနာများကို ခေါ်ဆိုခြင်းဖြစ်သည်။
ပြည်သူအားလုံးအနေဖြင့် မကူးစက်နိုင်သောရောဂါများ၏ အန္တရာယ်ကို သိရှိနားလည်ရန် မကူးစက်နိုင်သောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများကို သိရှိလိုက်နာကျင့်သုံးနိုင်စေရန် မကူးစက်နိုင်သောရောဂါများက လူမှုစီးပွားတိုးတက်မှုအတွက် အဟန့်အတားဖြစ်ကြောင်းကို သတိပြုသိရှိစေရန်၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးတွင် နှီးနွှယ်ဌာနများက ပူးပေါင်းဆောင်ရွက်စေရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်စေရန် လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။
အဓိက မကူးစက်နိုင်သောရောဂါများမှာ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုး၊ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများဖြစ်ပြီး အခြားသောမကူးစက်နိုင်သောရောဂါများ၊ ကျန်းမာရေး ပြဿနာများမှာ အတက်ရောဂါ၊ နားလေးရောဂါ၊ စိတ်ကျန်းမာရေး ဆိုင်ရာရောဂါများ၊ ထိခိုက်မှုအန္တရာယ်၊ မြွေကိုက်အန္တရာယ်၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ အရက်စွဲအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များဖြစ်ပါသည်။
မကူးစက်နိုင်သောရောဂါများသည် နာတာရှည်ရောဂါ အမျိုးအစားဖြစ်ခြင်း၊ စနစ်တကျ ကုသထိန်းချုပ်နိုင်ခြင်း မရှိပါက ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် မသန်စွမ်းဖြစ်ခြင်းနှင့် အရွယ် မတိုင်မီသေဆုံးရခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သော ရောဂါများဖြစ်ခြင်း၊ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများကြောင့် အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များကြောင့် ၎င်းတို့၏ မိသားစုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပါ အဟန့်အတားဖြစ်ပေါ်စေခြင်း စသည့် မကူးစက်နိုင်သောရောဂါများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားကြရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်၊ မြို့ပြများဖြစ်ထွန်းလာမှု သက်ကြီးဦးရေ တိုးပွားလာခြင်းကဲ့သို့ နောက်ခံအကြောင်းရင်းများ၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ စားသုံးခြင်းကဲ့သို့သော အပြုအမူဆိုင်ရာအန္တရာယ်ရှိသော အချက်များ၊ သွေးဖိအားများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ကဲခြင်း၊ သွေးတွင်းအချိုဓာတ်များခြင်း၊ သွေးတွင်း အဆီဓာတ်များခြင်းကဲ့သို့ ဇီဝကမ္မဆိုင်ရာ အန္တရာယ်ရှိသောအချက်များက မကူးစက်နိုင်သော ရောဂါများကို ဖိတ်ခေါ်နေပါသည်။
မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်သည့်လုပ်ငန်းများမှာ-
မကူးစက်နိုင်သောရောဂါများ၏ အန္တရာယ်ကို လူတိုင်းသိရှိ နားလည်၍ ကာကွယ်နိုင်မည့်နည်းလမ်းများကို သိရှိပြီး လက်တွေ့လိုက်နာကျင့်သုံးလာစေခြင်း၊
မကူးစက်နိုင်သော ရောဂါများ၏ အန္တရာယ်ကို မိသားစုအဆင့်၊ ပြည်သူလူထုအဆင့်မှ သိရှိနားလည်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ လက်တွေ့လိုက်နာကျင့်သုံးစေခြင်း၊
မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစားပေးသတ်မှတ်ဆောင်ရွက်ခြင်း၊
မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးတွင် နှီးနွှယ်ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်အစိုးရက လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးခြင်းတို့ဖြစ်ပါသည်။
မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ဦးတစ်ယောက်ချင်း၏ တာဝန်များမှာ-
(၁) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်း
ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ခြင်း/ မရှောင်နိုင်ပါက လျှော့စားခြင်း။
ချိုလွန်းသည့် အစားအစာများ - အချိုရည်ဘူးများ၊ သကြားနှင့်နို့ဆီပါသော အစားအစာများ၊ ထန်းလျက်၊ မလိုင်၊ ကြံသကာ စသည့် အစားအစာများ။
ငန်လွန်းသည့်အစားအစာများ- ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက် စသည့်အစားအစာများနှင့် ဟင်းချိုမှုန့်။
တိရစ္ဆာန်မှ ရသောအဆီများ (အမဲဆီ၊ ဝက်ဆီ)၊ စားအုန်းဆီနှင့် ပြန်ကြော်ဆီများ စားသုံးခြင်းကို လျှော့ပါ၊ ဖြစ်နိုင်ပါက လုံးဝရှောင်ကြဉ်ပါ။
(၂)ကိုယ်ကာယလှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပါ
တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀၊ တစ်ပတ်လျှင် ၅ ရက်ခန့် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ၊ (လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း၊ စက်ဘီးစီးခြင်း စသည့်မိမိလုပ်နိုင်သည့် လေ့ကျင့်ခန်းကို လုပ်နိုင်ပါသည်။)
သွက်လက်တက်ကြွစွာ နေထိုင်ပါ။
အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်းကို ရှောင်ကြဉ်ပါ။
တီဗွီ၊ တီဗွီဂိမ်းရှေ့တွင် ကြာရှည်စွာထိုင်ခြင်းနှင့် အင်တာနက် ကြာရှည်စွာအသုံးပြုခြင်းများ ရှောင်ကြဉ်ပါ။
(၃) ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဉ်ပါ
ဆေးလိပ်မသောက်ခြင်းသည် နှလုံးသွေးကြောရောဂါကို ထက်ဝက်လျှော့ချနိုင်ပါသည်။
လူအများစုဝေးရာနေရာများ (စာသင်ကျောင်း၊ ဆေးရုံ၊ လုပ်ငန်းခွင်)တွင် ဆေးလိပ်သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ။
တစ်ဆင့်ခံဆေးလိပ်ငွေ့သည် ဆေးလိပ်သောက်ခြင်းကဲ့သို့ပင် ကျန်းမာရေးဆိုးကျိုးများပေးပါသည်။ မိမိဆေးလိပ်ငွေ့ကြောင့် သူတစ်ပါး၏ကျန်းမာရေး ထိခိုက်စေသည်ကို သတိပြုရှောင်ကြဉ်ပါ။
ကွမ်းယာစားခြင်း (ဆေးရွက်ကြီးနှင့် နှပ်ဆေးအမျိုးမျိုး ပါဝင်သော ကွမ်းစားခြင်း)ကို ရှောင်ကြဉ်ပါ။
(၄) အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ပါ
အရက်အလွန်အကျွံသောက်ခြင်းသည် သွေးပေါင်ချိန်တက်စေပြီး နှလုံးရောဂါနှင့် ဦးနှောက်လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည်။ ကိုယ်အလေးချိန်ကိုလည်း တိုးစေနိုင်ပါသည်။
အသက် ၂၀ မှ ၂၉ နှစ်အတွင်း သေဆုံးခြင်းများတွင် ၄ ပုံ ၁ ပုံခန့် မှာ အရက်နှင့်ဆက်နွှယ်လျက်ရှိသည်။
အရက်သောက်သုံးခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါမျိုးစုံ၊ စိတ်ဖောက်ပြန်ခြင်းနှင့် မိမိကိုယ်ကို သတ်သေခြင်းများဖြစ်ပေါ်နိုင်သည်။
အရက်သေစာသောက်သုံးမှုနှုန်း အကန့်အသတ်ထားရှိပါ။
အရက်မသောက်တတ်သောသူကို အရက်သောက်ရန် တိုက်တွန်းခြင်းမှ ရှောင်ကြဉ်ပါ။
(၅) ကိုယ်ခန္ဓာ ရှိသင့်သည်ထက် ပိုဝမလာအောင် ထိန်းသိမ်းပါ
လူတစ်ဦး၌ ရှိသင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန်နှင့် ကိုယ်အလေးချိန်များလာလျှင် လျှော့ချရန် ကြိုးစားရမည်။
(၆) ရေဆာလျှင် အချိုရည်အစား ရေကိုသာသောက်သည့် အလေ့အကျင့်ကို လိုက်နာပါ။
(၇) စိတ်သောကများကို လျော့နိုင်သမျှ လျော့အောင် ကြိုးစားနေထိုင်ပါ
အပြုသဘောဖြင့် အရာရာကို အကောင်းမြင်နိုင်အောင် ကြိုးစားပါ။
အပြုံးဖြင့် လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါ။
မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် မိသားစုအဆင့်၊ ပြည်သူလူထုအဆင့်မှ ဆောင်ရွက်ရန် တာဝန်များမှာ-
(၁) တစ်ဦးတစ်ယောက်ချင်း၏တာဝန်များ လက်တွေ့လိုက်နာကျင့်သုံးခြင်း၊
(၂) ကျန်းမာသောလူနေမှုပုံစံများကို မိမိ မိသားစုတွင် လက်တွေ့လိုက်နာကျင့်သုံးခြင်း၊
(က) မိမိနှင့် မိမိ မိသားစုတွင် ကျန်းမာရေးအတွက် အန္တရာယ် ရှိသောအပြုအမူများ ရှိ မရှိ ဆန်းစစ်ပါ (ဥပမာ-အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သောအစာများ စားခြင်း)
(ခ) မိမိနှင့် မိမိမိသားစုကိုယ်တိုင် ပြုပြင်လုပ်ဆောင်နိုင် မည့်နည်းလမ်းများ ရွေးချယ်ပါ(ဥပမာ - အချိန်မှန်မှန် အိပ်ခြင်း၊ ဖုန်းနှင့် Screen time များ လျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း)
(ဂ) အာဟာရမျှတစွာ စားသုံးပါ။ သန့် ၄ သန့်နှင့်အညီ နေထိုင်ပါ။ (လက်သန့်၊ ရေသန့်၊ အစားအစာသန့်၊ အိမ်သာသန့်)
(ဃ) လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပါ (ဥပမာ- ကိုယ်အလေးချိန် လျှော့ချရန် အာဟာရဆရာဝန်နှင့် တိုင်ပင်ခြင်း)
(င) ရည်မှန်းချက် ပန်းတိုင်ချမှတ်ပါ။ ပြီးလျှင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရပါမည်။ (ဥပမာ-တစ်လအတွင်း ဆေးလိပ်လုံးဝပြတ်ရမည်။ တစ်လ အတွင်း ကိုယ်အလေးချိန် ၅ ပေါင်ကျအောင် ကြိုးစားမည်)
ကျန်းမာရေးကဏ္ဍမှ အရည်အသွေးမီကျန်းမာရေး စောင့်ရှောက်မှု စနစ်များ လက်လှမ်းမီရရှိစေခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ မပြတ် လပ်စေရန် စီစဉ်ဆောင်ရွက်ထားခြင်း၊ ရောဂါ စောင့်ကြပ်ကြည့်ရှု ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်နှင့် ကျန်းမာရေးသတင်း အချက်အလက်စနစ်များ ပိုမိုအားပြည့်ဆောင်ရွက်ခြင်း၊ ပြောင်းလဲ လာသောခေတ်နှင့်အညီ ရောဂါရှာဖွေခြင်း၊ ကုသခြင်းလုပ်ငန်းများ ပိုမိုတိုးချဲ့ပေးခြင်းတို့ ရေတိုအတွက်မဟုတ်ဘဲ ရေရှည်ရင်းနှီး မြှုပ်နှံမှုအနေဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊
လိုအပ်သောမူဝါဒများ၊ ဥပဒေစည်းမျဉ်းများ ချမှတ်ပေးခြင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဖြစ်သော ဆရာဝန်များ/ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ တိုးချဲ့ခန့်အပ်ပေးခြင်း၊ ကျန်းမာရေးအသုံးစရိတ်များ ပိုမိုလျာထား ပံ့ပိုးထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပေးသင့်ပါကြောင်း၊
မကူးစက်နိုင်သောရောဂါများသည် လူမှုဘဝအခြေအနေဆိုင်ရာ အချက်အလက်များနှင့် ဆက်နွှယ်လျက်ရှိသောကြောင့် ထိုရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဌာနအပြင် အခြားနှီးနွှယ်ကဏ္ဍများ၏ ပူးပေါင်းပါဝင်မှုနှင့် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်မှုများသည် လွန်စွာအရေးကြီးပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကျမ်းကိုး
(၁) လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ စာအုပ်(၂၀၂၄)
(၂) NCD National Strategic Plan(2023-2027)


