ပေကျင်း ဇူလိုင် ၁၂
တရုတ်နိုင်ငံဒေသအများအပြားသို့ တိုင်ဖွန်းမုန်တိုင်း ဘာဗီ ဇူလိုင် ၁၂ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေကြီးရေလျှံမှုနှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများအား တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်၏ ကိုးကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့် ဘာဗီသည် နိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ခြင်းမပြုမီ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းပြည်နယ် ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် အန်ဟူး၊ ကျန်ရှီး၊ ဇီကျန်း၊ လျောင်နင်းနှင့် ကျိလင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သိရသည်။ နိုင်ငံအတွင်း ရေကြီးရေလျှံမှုဆိုင်ရာ တတိယအဆင့် သတိပေးချက်ထုတ်ပြန်ထားပြီး ၎င်းတိုင်ဖွန်းမုန်တိုင်း၏ အကျိုး သက်ရောက်မှုကြောင့် မြစ်များနှင့် မြို့ပြဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်နိုင်သဖြင့် ရေအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာနက ရေကြီး ရေလျှံမှုသတိပေးချက်အဆင့်အား အဝါရောင်အဆင့်သို့ မြှင့်တင်သတ်မှတ်ခဲ့သည်။
နိုင်ငံအတွင်းရှိ ဇီကျန်း၊ တီယန်ကျန်းနှင့် အန်ဟူးပြည်နယ်တို့တွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးဆိုင်ရာ အကူအညီပေးရေးပစ္စည်းများကို တာဝန်ရှိသူများက ပံ့ပိုးခဲ့သည်။
အဆိုပါပစ္စည်းများတွင် ခေါက်အိပ်ရာများ၊ စောင်များနှင့် မိသားစုအရေးပေါ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


