နေပြည်တော် ဇူလိုင် ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁၂ ရက်တွင် ဖလမ်းမြို့နယ်ရှိ စပျစ်ဝိုင်ပြုလုပ်နေမှုများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းနှင့် အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်း - သိုင်းငင်း လမ်းပိုင်းပေါ်ရှိ ကြောင်ဟဲင်ကျေးရွာမှ စပျစ်သီးစိုက်ပျိုးရေးလုပ်ငန်းနှင့် စပျစ်ဝိုင်ပြုလုပ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး စပျစ်သီးစိုက်ပျိုးရေးနှင့် စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းသည် အိုးမကွာ၊ အိမ်မကွာ လုပ်ကိုင်နိုင်သည့် အသေးစားလက်မှု လုပ်ငန်းဖြစ်သည့်အပြင် ဒေသခံများ ပုံမှန်ဝင်ငွေရရှိနိုင်မည့် လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ အသေးစား လက်မှုလုပ်ငန်းမှ အကြီးစားစက်မှုလုပ်ငန်းသို့ ချဲ့ထွင်ဆောင်ရွက်နိုင်ပါက သားစဉ် မြေးဆက်များအထိ အမွေဆက်ခံနိုင်မည့် မိသားစုလုပ်ငန်းဖြစ်လာမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိကြောင်း တာဝန်ရှိသူများအား မှာကြားပြီး ဒေသခံပြည်သူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
ကြောင်ဟဲင်ကျေးရွာသည် ဖလမ်းမြို့မှ (၃)မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၆၀ ခန့်ရှိကာ တစ်ပိုင်တစ်နိုင် စပျစ်သီးစိုက်ပျိုးရေးနှင့် စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြပြီး စပျစ်သီးနှင့် စပျစ်ဝိုင်များကို ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ကလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရက်ကန်းစင်များနှင့် စက်ပစ္စည်းများ၏ အခြေအနေတို့ကို သင်တန်းကျောင်း တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လက်ရက်ကန်း ရက်လုပ်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းရှိ ဒေသခံ ပြည်သူတစ်ဦး၏ အသေးစားလက်မှု လုပ်ငန်းသို့ သွားရောက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံးနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး လက်သုံးကိရိယာများ ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအား စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဝိုင်းဝန်းပံ့ပိုး ပေးရန်လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


