နေပြည်တော် ဇူလိုင် ၁၃
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)မှ ပြေးခုန်ပစ်အားကစားသမားများ၏ (Event)အမျိုးအစားအလိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံ၍ လိုအပ်သည့် အထောက်အထူပြုပစ္စည်းများနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်းမှ (အပြေးနှင့် အပစ်)အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး မျှော်မှန်းထားသည့် စံချိန်စံညွှန်းများနှင့် ဆုတံဆိပ်များရရှိပါက အားကစားသမားများအပြင် နည်းပြနှင့် အုပ်ချုပ်သူများကိုပါ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားကာ အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများ၏ လိုအပ်ချက်များနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


