နေပြည်တော် ဇူလိုင် ၁၃
လူတို့၏ဘဝတွင် အဝတ်အထည်သည် မွေးစမှသေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည် ဖြစ်သဖြင့် အဝတ်အထည်ရက်လုပ်ရာတွင် အသုံးပြုသည့် ဝါစိုက်ပျိုး ထုတ်လုပ်ခြင်းသည် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်တွင်းဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ကျင်းပ
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ပြည်တွင်းဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြင့်လာစေရန်၊ ဝါစိုက်ပျိုး ထုတ်လုပ်သည်မှ အထည်အလိပ် ထုတ်လုပ်သည်အထိ ကွင်းဆက် တစ်လျှောက်အဆင့်ဆင့် တိုးတက်စေရန်ရည်ရွယ်ပြီး “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဇူလိုင် ၁၁ ရက်နေ့မှ ယနေ့အထိ အောင်မြင်သည့် ဆွေးနွေးပွဲ တစ်ရပ်အဖြစ် ကျင်းပပြုလုပ်နိုင်ခဲ့သည်။
အဆိုပါ ခေတ်အဆက်ဆက်တွင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည့် ကဏ္ဍစုံပါဝင်သော ဝါစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ ဆွေးနွေးပွဲကို လက်ရှိအစိုးရလက်ထက်တွင် ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက အနီးကပ်ကြီးကြပ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စိုက်ပျိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု၊ စက်မှုကဏ္ဍဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝါမျိုးစေ့ထုတ်လုပ်မှု အစုအဖွဲ့၊ ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူ အစုအဖွဲ့၊ ဂျင်ခုံလုပ်ငန်း ဆောင်ရွက်သူ အစုအဖွဲ့၊ ဝါဝယ်ယူသူအစုအဖွဲ့၊ ဝါစေ့ကြိတ်ခွဲရောင်းချသူအစုအဖွဲ့၊ ဝါဂွမ်းမှ ချည်ထုတ်လုပ် သူအစုအဖွဲ့၊ ချည်၊ ပိတ်၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းအစုအဖွဲ့၊ ပုဆိုး၊ လုံချည်၊ ချည်စောင်၊ တဘက်၊ လက်သုတ်ပဝါ၊ စားပွဲခင်းထုတ်လုပ် သူအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၄ ဦး တက်ရောက်ခဲ့ကြသည်။
ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ထုတ်လုပ်သူ အစုအဖွဲ့၊ ဝါစေ့ဆီထုတ်လုပ်သူ အစုအဖွဲ့၊ ဝါဂွမ်းထုတ်လုပ်သူ အစုအဖွဲ့၊ ချည်ထုတ်လုပ်သူ အစုအဖွဲ့၊ ရက်ကန်းလုပ်ငန်းအစုအဖွဲ့၊ ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့ တို့မှလုပ်ငန်းရှင်များ၊ ဘာသာရပ် ဆိုင်ရာအလိုက် ကျွမ်းကျင်သူများက အဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးပွဲ ပထမနေ့တွင် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း၊ ရလဒ်များ ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့တွင် အစုအဖွဲ့အလိုက် ရလဒ်များကို ပြည်ထောင်စုဝန်ကြီးများနှင့် ထပ်မံ ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးကြရာတွင် ဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ လိုအပ်ချက်၊ စိုက်ပျိုးရေရရှိရေးနှင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ မျိုးကောင်း မျိုးသန့်ဝါမျိုးများ လုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် ဝါမျိုးစေ့ ထုတ်တောင်သူများ၊ ဝါမျိုးစေ့ထုတ် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း ဝါဂွမ်းဈေးကွက်နှင့် ဝါဂွမ်းအရည်အသွေး တည်ငြိမ်ရေး၊ ပြည်တွင်းစက်ရုံများမှ လိုအပ်သည့် ဝါဂွမ်းပမာဏရရှိရန် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးနှင့် လျှပ်စစ်မီးပုံမှန်ရရှိရေး၊ အထည်အလိပ် ထုတ်လုပ်မှုဆိုင်ရာ အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး၊ ကျွမ်းကျင်လုပ်သား အရင်းအမြစ်များ မွေးထုတ်နိုင်ရေးနှင့် အခြားလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များကလည်း လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် အစုအဖွဲ့များအလိုက် တက်ရောက်သူများ၏ တစ်ဦးချင်းမေးမြန်း ဆွေးနွေးချက်များကို ပြည်ထောင်စုဝန်ကြီးများက အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ လမ်းညွှန်မှာကြား နိုင်ရန် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည်လည်း အဆိုပါ “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲသို့ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၁၂ ရက်နေ့နှင့် ယနေ့တို့တွင် တက်ရောက်အားပေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခြင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဝါလုပ်ငန်းဆိုင်ရာ အစုအဖွဲ့များ၏ ဆွေးနွေးပွဲရလဒ်များတင်ပြမှုအပေါ် စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ အဆင့်မြင့်ကုန်ချော ထုတ်လုပ်သူနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား၌ လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုလျင်မြန် ချောမွေ့စေရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုများ တိုးတက်စေရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာအစုအဖွဲ့အလိုက် ခင်းကျင်းပြသထားသည့် ဝါစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ ပြခန်းများကို လိုက်လံကြည့်ရှု လေ့လာခြင်းများကို ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်သမ္မတသည် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်စဉ် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှု လုပ်ငန်းဆီသို့” ဆွေးနွေးပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့် ဆွေးနွေးချက်များ၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက် သွားကြရန်နှင့် ယခုကဲ့သို့ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအတွေ့အကြုံများနှင့် လိုအပ်ချက်များကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းဖြင့် လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ နောင်တွင်လည်း စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက် သွားကြရန်၊ ဝါစိုက်ပျိုး ထုတ်လုပ်မှုသည် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဝါစိုက်တောင်သူများနှင့် တာဝန်ရှိသူများအနေဖြင့် တစ်ဧကပန်းတိုင် ရည်မှန်းချက် အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး၊ နိုင်ငံစီးပွားတိုးတက် စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးထား မှာကြားခဲ့ကြောင်းနှင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


