ဇူလိုင် ၁၄
ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်ချီစီရင်စုတွင် တောဝက်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လေးဦး ဒဏ်ရာရရှိခဲ့သည်။
တိုယိုတာစီးတီးရှိ ကုမ္ပဏီတစ်ခု၏ အဆောက်အအုံတွင် တောဝက်တစ်ကောင်သည် ယမန်နေ့မနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က အသက် ၅၀ နှင့် ၆၀ အရွယ် အမျိုးသားနှစ်ဦးကို တိုက်ခိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါတောဝက်ဟု ယူဆရသော ဝက်သည် အသက် ၆၀ အရွယ်ရှိ အခြားအမျိုးသားတစ်ဦးကို တိုက်ခိုက်ခဲ့ကြောင်းနှင့် ထိုသူသည် ကနဦးတိုက်ခိုက်မှုဖြစ်ပွားရာနေရာမှ မီတာ ၈၀၀ အကွာရှိ လမ်းဆုံအနီးတွင် စက်ဘီးစီးနေခဲ့ကြောင်း ဒေသခံမီးသတ်ဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ ၎င်းတောဝက်သည် မော်တော်ကားစက်ရုံအနီးတွင် အသက် ၈၀ အရွယ်ရှိ အမျိုးသားတစ်ဦးကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တောဝက်တိုက်ခိုက်မှုကြောင့် လူလေးဦး လက်၊ ဒူး သို့မဟုတ် အခြားဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့်အခြားသူများက စက်ဘီးစီးသူ တိုက်ခိုက်ခံရသည့်နေရာနှင့် နီးကပ်သော လမ်းမပေါ်တွင် ၎င်းဝက်ကို နံနက် ၇ နာရီထိုးပြီးချိန်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်နေရာအနီးတွင် အိမ်များ၊ စက်ရုံများနှင့် မူလတန်းကျောင်း တစ်ကျောင်းတို့ ရှိကြောင်းနှင့် သွားလာရေးနှင့် အခြားကျောင်းလုပ်ငန်းများကို ထိခိုက်မှုမရှိကြောင်း မြို့တော်၏ ပညာရေးဘုတ်အဖွဲ့က ပြောကြားခဲ့သည်။
မြို့တော်တာဝန်ရှိသူများက ဒေသခံများအား အစားအစာများကို အပြင်ဘက်တွင် ထားရှိခြင်းမပြုလုပ်ရန် ပြောကြားထားသည်။ တောဝက်များကို အော်ဟစ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းများပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် မြင်တွေ့ပါက ထိုနေရာမှ ထွက်ပြေးရန်လည်း တာဝန်ရှိသူများက တိုက်တွန်းထားသည်။
ကိုကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


