ဇူလိုင် ၁၄
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရေဘေးသင့် ခရိုင် ၁၁ ခုတွင် ကျန်းမာရေး အရေးပေါ် ပြင်ဆင်ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ထားပြီး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန် စီစဉ်ထားကြောင်း ဝန်ကြီးတစ်ဦးက ယမန်နေ့ကပြောကြားခဲ့သည်။
ဆေးဝါးများ၊ ဆားရည်နှင့် မြွေဆိပ်ဖြေဆေးများကို လုံလောက်စွာ သိုလှောင်ထားပြီးဖြစ်ကာ လိုအပ်လာပါက ဗဟိုအဆင့်မှ နောက်ထပ် ဆေးဘက်ဆိုင်ရာအဖွဲ့များကို စေလွှတ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးနှင့် မိသားစုသာယာဝပြောရေးဝန်ကြီး ဆာဒါ မိုဟာမက် ဆာခါဝတ် ဟိုစိန်က ဒါကာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရေဘေးသင့် ခရိုင်များရှိ ကျန်းမာရေးဝန်ထမ်းများ၏ ခွင့်များကို ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ အနှောင့်အယှက်မရှိ ဆက်လက်ပေးအပ်နိုင်ရန် ဖျက်သိမ်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကယ်ဆယ်တုံ့ပြန်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် နယ်မြေများမှ အချက်အလက်များကို စုဆောင်းရန် ထိန်းချုပ်ရေးစင်တာကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ရေဘေးအခြေအနေကို အနီးကပ်စောင့်ကြည့်နိုင်ရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်ကျန်းမာရေးအရာရှိများနှင့် ဆေးရုံတာဝန်ရှိသူများအကြားပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် ဝေးလံခေါင်သီသော ဒေသများရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝရရှိစေရန် အထူးညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရေကြီးရေလျှံဖြစ်ပွားနေချိန်တွင် မြွေကိုက်ခံရသူများအား ဆေးရုံများသို့ အမြန်ပို့ဆောင်ကြရန်လည်း ပြည်သူများကို တိုက်တွန်းခဲ့သည်။
နိုင်ငံ၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးနေ့စဉ်သဘာဝဘေးအခြေအနေအစီရင်ခံစာကိုကိုးကား၍ အမည်မဖော်လိုသည့် အကြီးတန်းတာဝန်ရှိသူတစ်ဦးက ရေဘေးနှင့်ဆက်စပ် သေဆုံးသူ သုံးဦး ထပ်မံရှိရာ လက်ရှိရေဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၅၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


