ကျိုင်းတုံ ၂၈ မတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှင့်အညီ တစ်နှစ်တွင် တစ်ရက်သာ ကျင်းပသည့် စော်ဘွားဈေးနေ့ကို မတ် ၂၇ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
"ဒီနေ့က ကျိုင်းတုံမြို့မဈေးကြီး ပိတ်ပြီး စော်ဘွားဈေး၊ ဈေးဟောင်းမှာ အနယ်နယ်အရပ်ရပ်က ကျွန်မတို့လို ဈေးသည်တွေ လာရောက်ရောင်းချနေကြတာပါ။ လာရောက်ဈေးဝယ်တဲ့သူတွေကလည်း ဒီနေ့ဝယ်တဲ့ ပစ္စည်းက တစ်နှစ်လုံးအတွက် လာဘ်လာဘ ကောင်းတယ်လို့ ယုံကြည်နေကြတယ်လေ။ နောက်ပြီး ငါးရက်ဈေးနေ့နဲ့ တစ်ရက်တည်း သတ်မှတ်လိုက်တော့ ဈေးဝယ်သူကော၊ ဈေးရောင်းသူပါ အလွန်စည်ကားနေတာပါ" ဟု စော်ဘွားဈေးနေ့ လာရောက်ရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့တွင် ရှေးနှစ်ပေါင်းများစွာကတည်းကပင် စော်ဘွားဈေးနေ့ (ဈေးဟောင်းနေ့) ကို တစ်နှစ် တစ်ကြိမ် ရက်ကောင်းရွေးချယ်ကာ ကျင်းပသည့်အပြင် ကျိုင်းတုံမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသများတွင်လည်း ငါးရက်ဈေးနေ့ကို ရွာစဉ်အလိုက် ဈေးနေ့များပြုလုပ်၍ ရောင်းဝယ် ဖောက်ကားခြင်းများ ပြုလုပ်ကြသည်။
စော်ဘွားဈေးနေ့ကို မတ် ၂၇ ရက် နံနက် ၅ နာရီခန့်တွင် စတင်၍ ဒေသထွက် အသီးအနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများကို မဟာမြတ်မုနိဘုရားကြီးမှ ဈေးတန်းကြီးလမ်း အတိုင်း၊ တာယော်လမ်း၊ ပါလျှံတံခါး လမ်းဆုံမှ ကျိုင်းလန်းလမ်းအကွေ့၊ လွိုင်မွေလမ်း၊ စော်ဘွားအောင်မြေ နတ်နန်းနှင့် စော်ဘွားသင်္ချိုင်းဟောင်းတို့တွင် သတ်မှတ်နေရာများ၌ ဆိုင်ခန်းများ ခင်းကျင်းပြီး မွန်းတည့် ၁၂ နာရီခန့်အထိ ရောင်းဝယ်ဖောက်ကား ကြသည်။
အဆိုပါနေ့ရက်တွင် ပါလျှံတံခါးတစ်ဝိုက်၌ ယဉ်ကျေးမှု အဆို၊ အက၊ အတီးများ၊ စတုဒိသာကျွေးခြင်း၊ ယဉ်ကျေးမှုဝတ်စုံ ဆင်မြန်းလာသူများကို ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းများ၊ သင်္ချိုင်းဟောင်းနှင့် အောင်မြေ နတ်နန်းတို့တွင် စော်ဘွားအဆက်ဆက် အရိုးအိုးများ မြှုပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ပူဇော်ပသကြကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


