နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ (KPMF) နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင် ၄၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

 

နေပြည်တော် ဇူလိုင် ၁၅

 

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

 

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ ကရင်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ (KPMF) နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင် အမျိုးသား ၄၁ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် အမ် (၁၆) သေနတ် တစ်လက်၊ အမ် (၄) သေနတ် နှစ်လက်၊ အူဇီသေနတ် တစ်လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်ကိုးလုံးထိုးကျည်သေနတ် နှစ်လက်၊ Sigsauer ပစ္စတိုသေနတ် သုံးလက်၊ ၉ မမ ပစ္စတိုသေနတ် နှစ်လက်၊ လက်လုပ်ပစ္စတိုသေနတ် တစ်လက်၊ အမ်ဂျီ (၁) လက်ပစ်ဗုံး ၁၀ လုံး၊ လမ်းလျှောက်စကားပြောစက် ခြောက်လုံး၊ ကျည်အိမ် ၁၁ ခုနှင့် ကျည်မျိုးစုံ ၁၈၈ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ 

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် လေးလက်အတွက် ငွေကျပ်သိန်း ၂၀၀၊ လက်လုပ်သေနတ် သုံးလက်အတွက် ငွေကျပ် ၁၅ သိန်း၊ ပစ္စတိုသေနတ် ငါးလက်အတွက် ငွေကျပ်သိန်း ၁၀၀ ၊ လက်လုပ်ပစ္စတို သေနတ်တစ်လက်အတွက် ငွေကျပ် ငါးသိန်း၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁၀ လုံးအတွက် ငွေကျပ်သိန်း ၃၀၊ လမ်းလျှောက်စကားပြောစက် ခြောက်လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ် သိန်း ၂၀ ငါးသောင်း၊ စုစုပေါင်း ကျပ် ၃၈၂ သိန်း ငါးသောင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ၁၀ ဦး၊ လှိုင်းဘွဲမြို့နယ်မှ တစ်ဦး၊ ကမမောင်းမြို့နယ်မှ တစ်ဦး၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ သုံးဦး၊ သထုံမြို့နယ်မှ ကိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ နှစ်ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ တစ်ဦး၊ ဒဂုံအရှေ့ပိုင်းမြို့နယ်မှ သုံးဦး၊ တောင်ဥက္ကလာပမြို့နယ်မှ တစ်ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ တစ်ဦး၊ ရန်ကင်းမြို့နယ်မှ နှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှ တစ်ဦး၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ နှစ်ဦး၊ မိတ္ထီလာမြို့နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှ တစ်ဦး၊ ပန်းတောင်းမြို့နယ်မှတစ်ဦး စုစုပေါင်း ၄၁ ဦးဖြစ်သည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်