မန္တလေး ဇူလိုင်  ၁၆

 

မန္တလေးနည်းပညာတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် သတ်မှတ်ဥပဒေ၊ စည်းကမ်းချက်များကို သိရှိလိုက်နာ စောင့်ထိန်းနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၅ ရက်က တက္ကသိုလ်ပင်မဆောင်သစ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ဒုရဲမှူးကံညွန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ၊ ရဲမှူးသူဇာလွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ အန္တရာယ်များနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့ကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြသည်။

 

ထို့နောက် မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စန်းယုလှိုင်က ဟောပြောပို့ချခဲ့ကြသည့် ရဲတပ်ဖွဲ့အရာရှိများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)