ရန်ကုန် ဇူလိုင် ၁၉

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အား ရှေးမူမပျက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားပြတိုက် (ရန်ကုန်)မှ သိရသည်။

 

“မနှစ်က အာဇာနည်နေ့ ကျင်းပခဲ့ရာမှာ နိုင်ငံတော်အကြီးအကဲက ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ပိုမိုခိုင်ခံ့အောင် ပြုပြင်မွမ်းမံဖို့၊ ပြုပြင်တဲ့အခါမှာလည်း ရှေးမူမပျက် မူလလက်ရာအတိုင်း မွမ်းမံဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ပြုပြင်မှုတွေ ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေလည်း ချထားပေးခဲ့ပါတယ်။ ပြတိုက်ပြင်ဆင်မှုလုပ်ငန်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးအဖွဲ့(၂)က တာဝန်ယူပြီး အကြီးစားမွမ်းမံမှု ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် အခုနှစ် အာဇာနည်နေ့အမီ ပြည်သူတွေ ကြည့်ရှုလေ့လာနိုင်ခဲ့ကြတယ်။ ပြုပြင်မွမ်းမံရာမှာ မူလက ရှိခဲ့တဲ့ပုံစံကို စနစ်တကျလေ့လာပြီးတော့ မီးသီး၊ လျှပ်စစ်မီးခလုတ်ကအစ မူလလက်ရာအတိုင်း ဆောင်ရွက်ခဲ့ပါတယ်” ဟု အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောသည်။

 

(၇၉) နှစ်မြောက် အာဇာနည်နေ့အမီ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အား ရှေးမူမပျက် ပြန်လည်မွမ်းမံထားမှုကြောင့် ကိုလိုနီခေတ်ဟန် ရှေးဟောင်းအဆောက်အအုံအဖြစ် တန်ဖိုးမြင့်မားမှုကို ပြသနေသည်။

 

“(၇၉)နှစ်မြောက် အာဇာနည်နေ့မှာ မူလအဆောက်အအုံပုံစံအတိုင်း ပြသနိုင်ခဲ့ပါပြီ။ ဗိုလ်ချုပ်ပြတိုက်ဟာ နှစ်သက်တမ်းရာကျော်နေပါပြီ။ ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ နေအိမ်လည်း ဖြစ်တဲ့အတွက် နောင်လာနောက်သားတွေ ကြည့်ရှုလေ့လာနိုင်အောင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ပြတိုက်ကြီးဟာ နိုင်ငံ့ခေါင်းဆောင်နေအိမ်ဖြစ်သလို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံလည်း ဖြစ်ပါတယ်။ ဒါကို ရေရှည်တည်တံ့အောင်နဲ့ ရှေးမူမပျက် ပြင်ဆင်မွမ်းမံနိုင်အောင် လမ်းညွှန်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူးက ပြောသည်။

 

ထိုကဲ့သို့ ပြင်ဆင်မွမ်းမံရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံငလျင်ကောင်စီ၊ ဗိသုကာအသင်း၊ နည်းပညာကော်မတီ၊ ကျွမ်းကျင်ပညာရှင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများကလည်း ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

 

“ရှေးမူမပျက် မူလအတိုင်း ကြံ့ခိုင်ကောင်းမွန်အောင် ပြင်ဆင်ထိန်းသိမ်းရာမှာ အသေးစိတ် စနစ်တကျ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းတွေ မီးစလောင်း၊ မီးခလုတ်၊ ပန်ကာစတာတွေ အားလုံးကို မူလလက်ရာအတိုင်းရှာဖွေပြီး ပြုပြင်မွမ်းမံနိုင်ခဲ့တယ်။ ပြီးတော့ မျက်နှာကြက်၊ ဘေစင်၊ သန့်စင် ခန်း၊ လှေခါး၊ လျှောက်လမ်း၊ ကြမ်းခင်း၊ ခေါင်မိုး၊ ဆေးအရောင်၊ ရေသန့်စင်လုပ်ငန်းတွေ၊ မြက်ခင်း၊ ရေကန်ကိုလည်း မူလပုံစံအတိုင်း ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ ရေကန်ဆိုရင် ဗိုလ်ချုပ်နေထိုင်စဉ်က မြေသားကန်ဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲက အဲဒီခေတ်ဟန်အတိုင်းပြုပြင်ဖို့ လမ်းညွှန်ခဲ့တဲ့အတွက် မူလအတိုင်း မြေသားကန်၊ ကန်ထဲကိုဆင်းတဲ့လှေခါးပါရှိတာကြောင့် ကန်ဘေးပတ်လည်လက်ရန်းအကာ အပါအဝင် အားလုံးကို မူလအတိုင်း ပြုပြင်မွမ်းမံခဲ့ပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ပြတိုက်မှာရှိတဲ့ ဗိုလ်ချုပ်စီးခဲ့တဲ့ကားဟာ အရင်ကမောင်းလို့မရတဲ့အတွက် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ အခုဗိုလ်ချုပ်ကားကို မောင်းလို့ရနေပါပြီ။ အခုလို နှစ်ပေါင်းရာကျော် သမိုင်းဝင် အဆောက်အအုံကြီးကို ပြုပြင်မွမ်းမံပြင်ဆင်နိုင်အောင် ‌ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ဇော်က ပြောကြားသည်။

 

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ - ကနူး