မကွေး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ဘင်ခရာ၊ ပန်းဖွားနှင့် Fitness Dance အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ကာယစွမ်းရည်ပြိုင်ပွဲများ၊ လှပသာယာ ပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေး၍ ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွက် ငွေကျပ် ၅၅ သိန်းကို ပေးအပ်ကာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများ ပေးအပ်ပြီး ပါဝင်ဖျော်ဖြေပေးသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


