ပဲခူး ဇူလိုင် ၂၀
တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စက်မှုလယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လယ်ယာလုပ်ငန်းခွင်၌ လက်တွေ့လုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အချိန်တိုအတွင်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာ သင်တန်းကျောင်း၌ ကျင်းပသည့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် သင်တန်း၌ စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ လယ်ယာသုံး စက်ကိရိယာ အသိပညာပေးစာစောင်များနှင့် သင်တန်းတွင် လက်တွေ့ မောင်းနှင် အသုံးပြုသင်ကြားမည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုသည်။
ယင်းနောက် ဘုရားကြီးမြို့ ဝေါလမ်းရှိ ကိုငယ်လေး စက်မှုလက်မှုအလုပ်ရုံ၌ စပါးအခြောက် ခံစက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာမျိုးစုံ ထုတ်လုပ်နေမှုကိုကြည့်ရှုပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


