နေပြည်တော် ဇူလိုင် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ယနေ့ညနေပိုင်းတွင် နေပြည်တော်မြို့မဈေး၌ မွေးမြူထုတ်လုပ်သူများက မော်တော်ယာဉ်များဖြင့် ကိုယ်တိုင်လာရောက်၍ ကြက်သားနှင့် ကြက်ဥများကို ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ယနေ့၌ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ကြက်ဥ အလုံး ၃၀၀ ကို လည်းကောင်း၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀၀ နှုန်းဖြင့် ပိဿာ ၄၀၀ ကိုလည်းကောင်း ရောင်းချပေးခဲ့ပြီး သတ်မှတ်ရက်များတွင်လည်း နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဈေးများတွင် မော်တော်ယာဉ်များဖြင့် လိုက်လံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စားသုံးသူပြည်သူများအနေဖြင့် ကိုယ်တိုင်မွေးမြူထုတ်လုပ်သူများ၏ မွေးမြူရေးဒိုင်များသို့လည်း ကြက်သားနှင့် ကြက်ဥများကို နေ့စဉ်သွားရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။
ကိုမျိုး(သတင်းစဉ်)


