ဇူလိုင် ၂၁

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်ပြည်နယ်တွင် ပြိုကျခဲ့သော ဥမင်လိုဏ်ခေါင်း၏ အပျက်အစီးများအောက်တွင် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးခန့် ပိတ်မိနေကြောင်း ခရိုင်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် နမ်ချီခရိုင်တွင် ယနေ့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဥမင်လိုဏ်ခေါင်းသည် အမျိုးသားရေအားလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (NHPC) ပိုင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရုပ်အလောင်း ၁၀ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်သူများကို ရှာဖွေရန် ကြိုးစားလျက်ရှိကြောင်းနှင့် လူ ၁၅ ဦးနီးပါးသည် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း  သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဥမင်အတွင်း မြင်နိုင်စွမ်း အလွန်နည်းပါးသဖြင့် အတွင်းသို့ ဝင်ရောက်ကယ်ဆယ်ရန် အလွန်ခက်ခဲလျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဆူဘက်ရှ် ဂျီမီရေးက ပြောကြားခဲ့သည်။

ဒေသခံမီဒီယာများ၏ပြောကြားချက်အရ မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ဥမင်လိုဏ်ခေါင်း ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို