ရန်ကုန် ဇူလိုင် ၂၂

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၆-၂၀၂၇ ရာသီမတိုင်မီ MNL ရာသီကြို ကွင်းဖွင့်ဖလားပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၆-၂၀၂၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို သြဂုတ်လနောက်ဆုံးပတ် သို့မဟုတ် စက်တင်ဘာလပထမပတ်တွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းကာလမတိုင်မီ ကွင်းဖွင့်ဖလားပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ရာသီကြိုကွင်းဖွင့်ဖလားပြိုင်ပွဲကို ကာလအတန်ကြာ ကျင်းပနိုင်ခြင်းမရှိရာမှ ယခုရာသီတွင် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၂ ရာသီမှ ၂၀၂၀ ရာသီအထိ ကိုးရာသီဆက်တိုက်ကျင်းပခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ကိုးကြိမ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက သုံးကြိမ်စီ၊ ဧရာဝတီအသင်းက နှစ်ကြိမ်၊ မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် သုံးကြိမ်တွေ့ဆုံရာ MNL League Cup ဗိုလ်လုပွဲတွင်   ရန်ကုန်ယူနိုက်တက်အသင်းက  တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အမှတ်ပေးပြိုင်ပွဲ နှစ်ကျော့စလုံး ဂိုးမရှိသရေကျခဲ့သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်သော်