မြိတ် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သန့်ရှင်းသာယာလှပဖို့ အမှိုက်ပြဿနာ ဝိုင်းရှင်းစို့ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပုလဲရတနာခန်းမ၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက် ဆွေးနွေးကြသည်။
ပြည်သူ့စကားဝိုင်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများနှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးပွဲတွင် မြိတ်မြို့ သန့်ရှင်းသာယာရေး၊ အမှိုက်ကြောင့် ဖြစ်ပွားနိုင်သော ကျန်းမာရေး ပြဿနာများ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအစီအစဉ်များ၊ အမှိုက်သိမ်းဆည်းရေးစနစ် ယခုထက် ပိုမိုစနစ်ကျကောင်းမွန်ရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်ကားများဖြင့် ပြည်သူများ အမှိုက်စွန့်ပစ်ရာတွင် အဆင်ပြေစေရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ ဆောင်ရွက်လျက်ရှိသည့် အမှိုက်သိမ်းစနစ် အားနည်းချက်များ၊ လိုအပ်ချက်များနှင့် အမှိုက်သိမ်းစနစ် ပိုမိုကောင်းမွန်ရန် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


