နေပြည်တော် ဇူလိုင် ၂၂
လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှု ကဏ္ဍ”ဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင် မောင်အုန်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ယနေ့ကျင်းပသည့် ရှင်းလင်းပွဲသည် လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ၏ အစီအစဉ်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး “နိုင်ငံတော်၏စက်မှုကဏ္ဍ” နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန် ရှင်းလင်းတင်ပြ ပေးသည့် ဒုတိယမြောက် အစီအစဉ် ဖြစ်ပါကြောင်း။
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးတွင် စက်မှုကဏ္ဍသည် အခြေခံအုတ်မြစ် ဖြစ်ပြီး မိမိတို့နိုင်ငံ၌ သဘာဝ သယံဇာတကုန်ကြမ်းများ ကြွယ်ဝသော်လည်း အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်မှုစွမ်းအား လိုအပ်လျက်ရှိပါကြောင်း။
စက်မှုလုပ်ငန်းများနှင့် MSMEs များသည် ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်း၊ အလုပ်အကိုင်ဖန်တီး ခြင်း၊ သွင်းကုန်နှင့် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချခြင်းတို့ဖြင့် နိုင်ငံစီးပွားရေးကို မောင်းနှင်ပေးသည့် အဓိကအင်အားစု ဖြစ်ပါကြောင်း၊ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင် ဖန်တီးပေးမှု ၆၀ မှ ၇၀ ရာခိုင်နှုန်း ခန့်မှာ MSMEs လုပ်ငန်းများ ဖြစ်ကြသဖြင့် ၎င်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက လက်ရှိစီးပွားရေး နှင့် စက်မှုကဏ္ဍအခြေအနေ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးမူဝါဒများ၊ MSME ဖွံ့ဖြိုး တိုးတက်ရေး ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေ၊ နိုင်ငံပိုင်စက်ရုံ ပြုပြင်ပြောင်းလဲရေး၊ ဦးစားပေး စက်မှုလုပ်ငန်းများ၊ စက်မှုကဏ္ဍ၏ အခြေခံလိုအပ်ချက်များ၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ခေတ်မီစက်မှုစနစ်သို့ ကူးပြောင်း ရေး၊ ရေရှည်တည်တံ့သော စက်မှု ဖွံ့ဖြိုးရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ ရှေ့ဆက် ဆောင်ရွက်မည့် ဦးစားပေးအစီ အစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေး အကြံပြုခြင်းများကို ဆောင်ရွက် ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ထို့ပြင် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက ဒေသထွက် ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်များ၊ ရိုးရာလက်မှုထုတ်ကုန်များ စသည့် ထုတ်ကုန်ပစ္စည်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


