ကော့သောင်း ဇူလိုင် ၂၂
ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး အာဆီယံဒေသနှင့် အိန္ဒိယသမုဒ္ဒရာဘက်ကို ဆက်သွယ်နိုင်သည့် မဟာဗျူဟာ ကျသည့် နေရာတစ်ခုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ ရေကြောင်း ကုန်သွယ်ရေး ခရီးသွားလုပ်ငန်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာ ရှိပါကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမ ၌ ကျင်းပသည့် MSME လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန် သွင်းကုန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပြောကြား
ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်သွင်းကုန် ဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပို့ကုန် သွင်းကုန်နှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသိပညာပေး ဆွေးနွေးပြောကြားပြီး တက်ရောက် လာသူများက ပို့ကုန်သွင်းကုန် ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


