တိုကျို ဇူလိုင် ၂၂
ဂျပန်နိုင်ငံ၌ ပြင်းထန်သောအပူချိန်လွန်ကဲမှု ဆက်လက်ဖြစ်ပွားနေပြီး လေဖိအားမြင့်ရပ်ဝန်းကြောင့် နှစ်ရက်ဆက်တိုက် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်ရှိလာကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီအထိ အမြင့်ဆုံးအပူချိန်မှာ မိအဲခရိုင် ကူဝါနာမြို့တွင် ၄၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိကြောင်း၊ ရှီဇုအိုကာခရိုင် ဟာမာမတ်ဆုမြို့တွင် ၄၀ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ကြောင်းနှင့် အခြားသောမြို့များတွင်လည်း အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်စ် အထက်ရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၁ ရက်တွင် အပူချိန်လွန်ကဲမှုဒဏ် ခံစားရသည်ဟု ယူဆရသူ ၂၈၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း တိုကျိုမီးသတ်ဦးစီးဌာနက ပြောသည်။ မိုးလေဝသအေဂျင်စီက ခရိုင် ၄၁ ခုတွင် အပူချိန်လွန်ကဲမှုဆိုင်ရာ သတိပေးချက်များကို ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
အခြားသတင်းတစ်ရပ်တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သီတင်းတစ်ပတ်အတွင်း အပူလျှပ်မှုကြောင့် ဆေးရုံတင်ရသူပေါင်းမှာ ၁၀၀၀၀ ကျော်ရှိလာကြောင်း ဖော်ပြထားသည်။ ဇူလိုင် ၁၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အပူလျှပ်မှုကြောင့် ဆေးရုံတင်ပို့ရသူပေါင်း ၁၀၈၅၇ ဦး အထိရှိပြီး ယင်းမှာ ယခင်သီတင်းပတ်က အရေအတွက်ထက် နှစ်ဆကျော်မြင့်တက်လာကြောင်း မီးသတ်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောသည်။
အင်န်အိတ်ချ်ကေ


