တွံတေး ဇူလိုင် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက စာဖြူစုကျေးရွာ နှစ်ခြင်း ခရစ်ယာန်ကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းက ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်း၊ စစ်တမ်းကောက်ယူခြင်းကို တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ကြသည်။ အဆိုပါ အခြေခံ စက်ချုပ်သင်တန်းတွင် သင်တန်း သူ ၂၀ တက်ရောက်ကာ သင်တန်းမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)