ရန်ကင်း ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာ နန်းစံအံ့ထူး (သွားနှင့်ခံတွင်းကျန်းမာရေး) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်သည်။
ကျောင်းသား ကျောင်းသူများအား စနစ်မှန်သွားတိုက်နည်းကို လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းများအား ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် စစ်ဆေးကြည့်ရှုခြင်းများ ကိုလည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


