တိုကျို ဇူလိုင် ၂၃
ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် ယူနက်စကိုက ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့တော်များမှ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာများနှင့် ၎င်းတို့နှင့် ဆက်စပ်သောနေရာများကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။
ယူနက်စကိုက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ၎င်း၏ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့သည်။
ဂျပန်အစိုးရသည် နိုင်ငံ၏ အနောက်ပိုင်းရှိ နာရာစီရင်စုတွင် တည်ရှိသော အဆုကာ (Asuka) နှင့် ဖူဂျီဝါရ(Fujiwara) ရှေးဟောင်းမြို့တော်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် အကြံပြုထားသည်။
အဆိုပါ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာများသည် (၆)ရာစု နှောင်းပိုင်းမှ (၈)ရာစု အစောပိုင်းကာလများကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး အဆုကာရွာ၊ ကာရှိဟာရမြို့နှင့် ဆာကူရိုင်မြို့တို့တွင် တည်ရှိကြသည်။
ရှေးဟောင်း မြို့တော်များကို စာရင်းသွင်းခြင်း ရှိ၊ မရှိ ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်လက ယူနက်စကို၏ အကြံပေးအဖွဲ့တစ်ခုက အဆုကာနှင့် ဖူဂျီဝါရတို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ အဆင့်သတ်မှတ်ချက် လေးမျိုးအနက် အမြင့်ဆုံးအဆင့်ကို အဆိုပါ ရှေးဟောင်းနေရာများအတွက် သတ်မှတ်ပေးခဲ့သည်။ အကယ်၍ စာရင်းသွင်းခံရပါက အဆိုပါနေရာများသည် ဂျပန်နိုင်ငံ၏ ၂၇ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


