နေပြည်တော် ဇူလိုင် ၂၃

 

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း  အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။         တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး အတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍ လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ 

 

အလားတူ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲများကို သက်ဆိုင်ရာ တပ်နယ်များ၌ ကျင်းပကြရာ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်