နေပြည်တော် ဇူလိုင် ၂၃

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယမန်နေ့နံနက်ပိုင်းက  Jiegao International Jade & Jewelry Trade Center ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသော ကျောက်စိမ်းအရိုင်းတွဲများကို လှည့်လည်ကြည့်ရှုသည်။

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲကို Jiegao International Jade & Jewelry Trade Center ၌ ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် Jincheng Dihai ဟိုတယ်၌ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ကျောက်မျက်ပြပွဲကျင်းပရေးနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်